သာပေါင်းမြို့တွင် အုတ်၊ ထင်းနှင့်ဝါးများ သယ်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး

သာပေါင်းမြို့တွင် အုတ်၊ ထင်းနှင့်ဝါးများ သယ်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး
Published 2 January 2018

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့တွင် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အုတ် ထင်းနှင့် ဝါးများသယ်ဆောင်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်ပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း သာပေါင်းမြို့မရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ အနောက်ရိုးတောအတွင်းမှ အုတ်၊ ထင်းနှင့် ဝါးများတင်ဆောင်၍ ယာဉ်မောင်းဖြစ်သူ ဦးရွှေဝမ်း မောင်းနှင်လာစဉ် ကျွဲတဲကြီးကျေးရွာအနီး ကျောက်ကြီးအိုင်အနီးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကားပေါ်တွင် လိုက်ပါလာသူ ကိုမောင်မောင်ဇင်နှင့် ကိုပန်းဦးတို့နှစ်ဦးမှာ ကားပေါ်တွင် သယ်ဆောင်လာသည့် အုတ်၊ ထင်းနှင့်ဝါးများပိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားက ခုံးတက်မှာ နောက်ပြန်စောင်းသွားပြီး လျှောကျရာကနေ ပိပြီးတော့ သေသွားတယ်။  ဒဏ်ရာတွေကတော့ ခေါင်းပါပြားတယ်။ တစ်ယောက်ကတော့ ဗိုက်ကနေ အူတွေထွက်သွားပြီး ကာဘီးက အလယ်မှာ ခွေပါတော့ ခွေနဲ့ပဲထိသလား မသိဘူး။ ပါလာတဲ့ အုတ်၊ ထင်းတွေ၊ ဝါးတွေက အများကြီးဆိုတော့ ပိသွားတယ်” ဟု သာပေါင်းမြို့မ စခန်းမှူး ဒုရဲမှူးမြင့်လွင်က ပြောကြားသည်။

တရားခံဖြစ်သူ ယာဉ်မောင်း ဦးရွှေဝမ်းအား ဖမ်းဆီးထားပြီးဖြစ်ကြောင်းနှင့် ၎င်းအား ယာဉ်တိမ်းမှောက်၍ လူသေဆုံးမှုကြောင့် သာပေါင်းမြို့နယ် မြို့မရဲစခန်းက ယာဉ်(ပ) ၁/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent