နှစ်သစ်ကူးဓမ္မသဘင် စတင်ကျင်းပခဲ့ပြီး ပြည်သူ့ရင်ပြင်ပြည့်သည်အထိ တရားနာပရိသတ် အများအပြား တက်ရောက်နာကြား

နှစ်သစ်ကူးဓမ္မသဘင် စတင်ကျင်းပခဲ့ပြီး ပြည်သူ့ရင်ပြင်ပြည့်သည်အထိ တရားနာပရိသတ် အများအပြား တက်ရောက်နာကြား
Published 2 January 2018

■ ဓာတ်ပုံ - ထက်ရှိုင်း

နှစ်သစ်ကူးဓမ္မသဘင်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကစတင်ကျင်းပခဲ့ပြီး ပြည်သူ့ရင်ပြင်ပြည့်သည်အထိ တရားနာပရိသတ် အများအပြားတက်ရောက် နာကြားခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်အဖွင့်အဖြစ် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၊ ပါမောက္ခချုပ်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ (သ.စ.အ) ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ပါမောက္ခချုပ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်က ဟောကြားခဲ့ပြီး ဓမ္မသဘင်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ဓမ္မသဘင် အဖွင့်တရားတော်အဖြစ် မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည်ကို ဟောကြားခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် ဓမ္မသဘင်ဒုတိယနေ့အဖြစ် ဒေါက်တာ အရှင်ဉာဏိဿရ၊ သီတဂူဆရာတော် (Ph.D,D.Litt) အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိက ဟောကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်တွင် အရှင်ဆန္ဒာဓိက ရွှေပါရမီတောရဆရာတော်၊ သာသနဓဇဓမ္မာစရိယ၊ ဓမ္မာကထိက ဗဟုဇနဟိတဓရ၊ မဟာသဒ္ဓမ္မဇောတိကဓဇက ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်ညနေပိုင်းက တရားပွဲကျင်းပရေးနဲ့ပတ်သက်ပြီး အန္တရာယ်ကင်းပရိတ်နာဖို့အတွက် သံဃာ့မဟာနာယက ဒုတိယဥက္ကဌကြီးမှူးသည့်၊ တိုင်းဒေသကြီး သံဃာ့နာယက,ကကြီးမှူးသည့် သံဃာ ၄၅ ပါး အန္တရာယ်ကင်းပရိတ်လည်း ရွတ်ဖတ်ခဲ့သည်။ ဇန်နဝါရီလ ၁ ရက်နံနက်ပိုင်းက ရွှေတိဂုံ၊ ဓမ္မဘိသေက အနေကဇာတင် မဟာအလှူတော်ကြီးကိုပြုလုပ်ခဲ့ကာ သံဃာအပါး ၁၈၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။ ထို့ပြင် ပြည်သူ့ရင်ပြင်တွင် သံဃာတစ်သိန်းအတွက် ဆွမ်းလောင်းလှူခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူဓမ္မသဘင် ကျင်းပနိုင်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီနှင့် တိုင်းသာသနာရေးအဖွဲ့တို့က စုပေါင်းပြီး အလှူငွေကောက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ဓမ္မသဘင်ကျင်းပရာ ပြည်သူ့ရင်ပြင်ထဲတွင် ကုသိုလ်ဖြစ်ဆေးခန်းများ၊ ဓမ္မစာပေစာအုပ်ဆိုင်များ၊ စတုဒီသာမဏ္ဍပ်များ စုစုပေါင်း မဏ္ဍပ် ၁၉ လုံးခန့်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်သစ်ကူးတရားအလှူတော်၊ ဓမ္မသဘင်တွင် ဆရားတော်ကြီးငါးပါးဖြင့် ငါးရက်တိုင်တိုင်ကျင်းပခဲ့ပြီး တရားနာပရိသတ်ပေါင်း တစ်သိန်းကျော်ခန့်အထိ နာကြားခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent