သန်လျင်တွင် အရက်သေစာ သောက်စားမူးယစ်သူအား ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ သွားရောက်တားမြစ်စဉ် ပြန်လည်ရန်ပြုသဖြင့် Pump Action 12 သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း Yangon Police က သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီတွင် သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်းမော်တော်ယာဉ်ဖြင့် နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ ချမ်းမြေ့လမ်းပေါ်၌ အမျိုးသားတစ်ဦး အရက်သေစာသောက်စားပြီး ဓားကိုင်ရမ်းကားနေကြောင်း သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ သွားရောက်၍ စစ်ဆေးအတည်ပြုခဲ့ရာ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ရွာနေ အောင်ဖေ (၂၉ နှစ်)၏ လက်တွင် ကိုင်ဆောင်ထားသည့် အရိုးအသွား ၂၄ လက်မခန့်ရှိ ကော်ရိုးတပ်ဓားတစ်ချောင်းနှင့်အတူ ဆဲဆိုနေသည်ကို တွေ့ရှိခဲ့ရသည်။
ရဲတပ်ဖွဲ့ဝင်များက ၎င်း၏လက်တွင် ကိုင်ဆောင်ထားသောဓားအား ကိုင်ဆောင်ခြင်းမပြုရန်နှင့် အဆိုပါဓားကိုချ၍ ရဲတပ်ဖွဲ့ဝင်များနှင့် ဆွေးနွေးရန် ပြောဆိုသော်လည်း နာခံမှုမရှိဘဲ တာဝန်ရှိသူများကို ကိုင်ဆောင်ထားသည့်ဓားဖြင့် အသက်အန္တရာယ် ထိခိုက်လောက်အောင် ဝင်ရောက်ခုတ်သဖြင့် ရဲတပ်ဖွဲ့ဝင်များက Pump Action 12 ဘို့ပြောင်းချော သေနတ်ဖြင့် ပစ်ခတ်ရာ အောင်ဖေတွင် ဝဲလက်မောင်း၊ ဝဲတင်ပါးနှင့် ဝဲနံစောင်းတို့တွင် ဒဏ်ရာများရရှိသဖြင့် သန်လျင်ပြည်သူ့ဆေးရုံသို့ ရဲတပ်ဖွဲ့ဝင်များက ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ပြန်လည်ရန်ပြုသူ အောင်ဖေအား သန်လျင်မြို့မရဲစခန်းက (ပ) ၃၇၇၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့်လည်းကောင်း၊ (ပ) ၃၇၇၅/ ၂၀၁၇၊ လက်နက်များအက်ဥပဒေပုဒ် ၁၉ (င) ဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိသည်။