ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ညောင်ရွှေမြို့တို့ရှိ ဧရာဝတီဘဏ်ခွဲ ATM စက်များအတွင်းမှ ကျပ်သိန်း ၅၇၀ ကျော် ခိုးယူခံရပြီး ကျူးလွန်သူ ဘဏ်ဝန်ထမ်းဟောင်းကို ၂၄ နာရီ အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း တောင်ကြီးမြို့မ ရဲစခန်းမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့ဧရာဝတီဘဏ်ခွဲ (၁) မန်နေဂျာထံ ရန်ကုန်ရုံးချုပ်မှ Royal Taunggyi Hotel တွင်ထားရှိသော ATM Terminal 5 စက် Error ချို့ယွင်းနေသည်ကို ရုံးချုပ်တွင်ထားရှိသော ATM Sever စက်တွင် တွေ့ရှိကြောင်း အကြောင်းကြားသဖြင့် ဒီဇင်ဘာ ၁၂ ရက် ညနေ ၅ နာရီခွဲတွင် ATM စက်သေတ္တာများကို ဘဏ်ခွဲ (၁) သို့ ယူဆောင်စစ်ဆေးရာ ၂၂၃ သိန်း ၈ သောင်း ၁ထောင် ပျောက်ဆုံးနေကြောင်း သိရသဖြင့် ကျန်စက်များကို ဆက်လက်စစ်ဆေးခဲ့သည်။
ဆက်လက်၍ စူဠာမုနိဘုရားပေါ်ရှိ ATM Terminal 3 စက်ကို စစ်ဆေးရာ ၁၁၇ သိန်း ၅ သောင်း ၃ ထောင် ပျောက်ဆုံးနေသည်ကို ထပ်မံစစ်ဆေးတွေ့ရှိရပြီး လျှို့ဝှက်နံပါတ်ဖြင့် ဖွင့်ရသော တံခါးမပျက်စီးဘဲ ပျောက်ဆုံးနေသဖြင့် Royal Taunggyi Hotel ရှိ CCTV တွင် စစ်ဆေးရာ တောင်ကြီးဘဏ်ခွဲ (၁) ဝန်ထမ်းဟောင်း သီဟနိုင်က ၎င်းပါလာသော သော့ဖြင့်ဖွင့်ခဲ့သည်ကို စစ်ဆေးသိရှိရသည်။ အဆိုပါ ဖြစ်စဉ်ကို အရေးယူပေးပါရန် မန်နေဂျာဖြစ်သူ ဒေါ်သီသီခိုင်က တရားလိုပြုလုပ်၍ ဒီဇင်ဘာ ၁၄ ရက် ညနေ ၃ နာရီ၌ အမှုဖွင့်ခဲ့ရာ တောင်ကြီးမြို့မရဲစခန်းက (ပ) ၁၀၃၇/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ် ဖော်ထုတ်အရေးယူနိုင်ရေးအတွက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးရဲမြင့်၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစိုးအောင်၊ မြို့မစခန်းမှူး ဒုရဲမှူးမျိုးဦးတို့မှ စစ်ဆေးခဲ့ပြီး မြို့မရဲစခန်းနယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ကိုယု၊ နယ်မြေရဲစခန်း နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ် လင်းလင်းဇော်တို့အား အဖွဲ့ငယ်များခွဲ၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းခဲ့ရာ ညနေ ၆ နာရီတွင် တရားခံကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊။
အမှုမှ တရားခံ သီဟနိုင်အား ပူးပေါင်း စစ်ကြောဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် သက်သေခံငွေနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး ခရိုင်ရဲတပ်ဖွဲ့မှူး ကြီးကြပ်ဆောင်ရွက်ရာ ခိုးယူခဲ့သော ငွေ ၃၅၄ သိန်းနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော သက်သေခံပစ္စည်းများ၊ ညောင်ရွှေ Amazing Hotel ATM Terminal 4 မှ ပျောက်ဆုံးခဲ့သောငွေ ၁၈၉ သိန်း ၁ သောင်း ၁ ထောင် အပါအဝင် စုစုပေါင်းပျောက်ဆုံးငွေ ၅၄၀ သိန်း ၄ သောင်း ၅ ထောင်ကျပ်နှင့် ၎င်းငွေဖြင့် ဝယ်ယူထားသော ကားတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ကျန်ရှိသက်သေခံပစ္စည်းများ သိမ်းဆည်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။
“ဘဏ်ဝန်ထမ်းဟောင်း တစ်ယောက်ပေါ့။ လွန်ခဲ့တဲ့ လေးလလောက်က အလုပ်ထွက်သွားတယ်။ ရွိုင်ရွယ်တောင်ကြီးဟိုတယ်ကို ရောက်လာပြီးတော့ ပိုက်ဆံတွေထုတ်သွားတယ်။ အရင်ကလည်း လာနေကျပဲဆိုတော့ ဘာမှမပြောကြဘူးပေါ့။ အောက်က ပိုက်ဆံထည့်တဲ့ သေတ္တာကို ဖွင့်သွားပြီးတော့ငွေတွေ ထုတ်တယ်။ ပတ်စဝေါ့လည်း သိနေတော့ လုပ်နေကျမို့ ဘယ်သူမှ မသိဘူးပေါ့။ ရွိုင်ရွယ်တောင်ကြီးမှာတစ်ခု၊ စူဠာမုနိဘုရားမှာတစ်ခု ညောင်ရွှေက အမေးဇင်း ဟိုတယ်မှာ တစ်ခုပေါ့။ ပိုက်ဆံတွေကို ပြန်ရပြီ။ လူကိုလည်းဖမ်းမိပြီ” ဟု မြို့မစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ကိုယုက ဆိုသည်။