လှိုင်မြို့နယ်မှ ရှစ်နှစ်အရွယ်ကလေး သေဆုံးမှုမှာ ကာကွယ်ဆေးနှင့် ပတ်သက်မှုမရှိဘဲ ဦးနှောက်ရောင် ရောဂါကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

လှိုင်မြို့နယ်မှ ရှစ်နှစ်အရွယ်ကလေး သေဆုံးမှုမှာ ကာကွယ်ဆေးနှင့် ပတ်သက်မှုမရှိဘဲ ဦးနှောက်ရောင် ရောဂါကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
Published 14 December 2017

လူထုအခြေပြု ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုး အစီအစဉ်တွင် ဆေးမထိုးမီ ကလေးငယ်အား ကျန်းမာရေး စစ်ဆေးပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ အသက်ရှစ်နှစ်အရွယ်ကလေး သေဆုံးမှုမှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနှင့် ပတ်သက်မှုမရှိဘဲ ဦးနှောက်ရောင်ရောဂါကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှ ထုတ်ပြန်ကြေညာသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ အသက်ရှစ်နှစ်အရွယ် ကလေးမှာ ဦးနှောက်ရောင်ရောဂါဖြင့် ရန်ကုန်ကလေး ဆေးရုံကြီးတွင် ဒီဇင်ဘာ ၈ ရက်က စတင်တက်ရောက် ဆေးကုသမှုခံယူခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း၊ အဆိုပါ ကလေးမှာ နိုဝင် ဘာ ၂၀ ရက်က ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေးထိုးနှံပြီးသည့် ကလေးဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးချိန်နှင့် ရောဂါဖြစ်ပွားသည့်အချိန် ကွာဟချက်ကြောင့် အဆိုပါ ကလေးမှာ ကာကွယ်ဆေးနှင့် လုံးဝပတ်သက်မှုမရှိဘဲ ကလေးမှာ ဦးနှောက်ရောင်ရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းမှ သတင်းရရှိသည်။

“ကလေးက ကာကွယ်ဆေးထိုးပြီး ၂၁ ရက်အကြာမှာ သေဆုံးခဲ့တယ်။ ဒီသတင်း ကြားတဲ့အတွက် ကလေးကို စစ်ဆေးမှုတွေ လုပ်တဲ့အခါ ကလေးမှာ ဦးနှောက်ရောင်ရောဂါဖြစ်တဲ့ လက္ခဏာတွေ တွေ့ပါတယ်။ ကလေးက ကာကွယ်ဆေးထိုးပြီး ၁၅ ရက်ကျော်လောက် ကြာတဲ့အချိန် ဦးနှောက်အတွင်းမှာရှိတဲ့ တစ်သျှူးတွေ ရောင်ရမ်းပြီး ရန်ကုန်ကလေးဆေးရုံကို တင်ခဲ့တာပါ။ ဖြစ်တာကလည်း ဦးနှောက်ရောင်ရောဂါ၊ လတ်တလောမှာလည်း ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးပြီးချိန်ဆိုတော့ ဆေးကြောင့် ဖြစ်တယ်ပဲ ယူဆကြတာပေါ့” ဟု ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၁၁ ရက်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ ကျန်းမာရေး ဌာနများတွင် လူထုအခြေပြု ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးအစီအစဉ်ကို တစ်ပြိုင်နက် စတင်လုပ်ဆောင်လျက်ရှိပြီး ဒီဇင်ဘာ ၂၀ ရက်အထိ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း၊ လူထုအခြေပြု ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး အစီအစဉ်တွင် အသက်ကိုးလမှ ငါးနှစ်အထိ ကလေးများ၊ ၁၅ နှစ် အထိ ကျောင်းမနေသော ကလေးလူငယ်များ၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေးထိုးရန် လွတ်ကျန် ခဲ့သော ကျောင်းသားကျောင်းသူများကို ထိုးနှံပေးလျက်ရှိကြောင်းနှင့် ယင်းအစီအစဉ်ကို မြို့နယ်ဆေးရုံများ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲ၊ ရပ်ကွက်ကျေးရွာများအတွင်း အုပ်ချုပ်ရေးမှူးရုံး၊ ဓမ္မာရုံများ၊ ဘုန်းကြီးကျောင်း၊ ပုဂ္ဂလိက နေအိမ်နှင့် အခြားသတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက် ရှိသည်။

လက်ရှိ ကျန်းမာရေးဌာနက ထိုးနှံပေးနေသည့် ကာကွယ်ဆေးမှာ CD-JEV (SA14-14-2) ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရည်အသွေး အသိအမှတ်ပြု ကာကွယ်ဆေးဖြစ်ကြောင်း၊   တရုတ်နိုင်ငံရှိ Chengdu Institute of Biological Products Co; Ltd မှ ထုတ်လုပ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က စတင် ထိုးနှံခဲ့ခြင်းဖြစ်ရာ ထိုင်း၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများတွင် လက်ရှိ သုံးစွဲလျက်ရှိပြီး လူဦးရေသန်း ၄၀၀ ကျော် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ပြင်ပဆေးခန်းများတွင် ဝယ်ယူ ထိုးနှံနိုင်သည့်ဆေးမှာ IMO-JEV နှင့် CD-JEV (SA14-14-2) တို့ ဖြစ်ကြောင်း၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးနောက် ဖျားခြင်း၊ ပျို့အန်မူးဝေခြင်း၊ ကာကွယ်   ဆေးထိုးထားသည့် နေရာတွင် ရောင်ခြင်း၊ နီရဲခြင်း စသည့် မပြင်းထန်သော လက္ခဏာများ ဖြစ်ပွားတတ်ကြောင်းနှင့် ကာကွယ်ဆေး ဓာတ်မတည့်မှုကြောင့် တုံ့ပြန်သော ပြင်းထန်လက္ခဏာမျိုးမှာ ဆေးထိုးနှံပြီးသည့် လူတစ်သန်းလျှင် တစ်ဦးနှုန်းအောက်သာ တွေ့ရတတ်ကြောင်း သိရသည်။

 

Most Read

Most Recent