ကနီမြို့တွင် ဘော်ဒါဆောင်ကြီးကြပ်ဆရာနှစ်ဦး ဦးဆောင်၍ ကျောင်းသား ၂၁ ဦးက အထက်တန်းကျောင်းဝင်းအတွင်းမှ ကျောင်းသားခြောက်ဦးကို ရိုက်နှက်မှုဖြစ်ပွား

ကနီမြို့တွင် ဘော်ဒါဆောင်ကြီးကြပ်ဆရာနှစ်ဦး ဦးဆောင်၍ ကျောင်းသား ၂၁ ဦးက အထက်တန်းကျောင်းဝင်းအတွင်းမှ ကျောင်းသားခြောက်ဦးကို ရိုက်နှက်မှုဖြစ်ပွား
Published 13 December 2017

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ဒီဇင်ဘာ ၁၁ ရက်က ဘော်ဒါဆောင် ကြီးကြပ်ဆရာနှစ်ဦးဦးဆောင်၍ ကျောင်းသား ၂၁ ဦးက အထက်တန်းကျောင်းဝင်းအတွင်းမှ ကျောင်းသားခြောက်ဦးကို လက်နက်မျိုးစုံဖြင့် ဝင်ရိုက်ခဲ့မှုကြောင့် ဒဏ်ရာများအသီးအသီးရရှိကာ ဆေးရုံတက်ကုသမှုခံယူနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းများအရ သိရသည်။

အုပ်စုဖွဲ့ရိုက်ခဲ့သည့် အလင်းရောင်စာသင်ဝိုင်းရှိ ကျောင်းသားများနှင့် အရိုက်ခံရသည့် ကနီမြို့ခံကျောင်းသားများသည် ယခင်က ခိုက်ရန်ဖြစ်ပွားခဲ့ဖူးကြောင်း၊ အဆိုပါခိုက်ရန်ဖြစ်ပွားမှုကြောင့် ကျောင်းအုပ်ကြီးရုံးခန်းသို့ မိဘများနှင့်အတူခေါ်ယူကာ သတိပေးဆုံးမမှု ပြုလုပ်ခံခဲ့ရသည်ကိုမကျေနပ်၍ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းရောင်စာသင်ဝိုင်းမှ ကြီးကြပ်ဆရာ ဦးရဲမင်းဇော် (၂၆ နှစ်) နှင့် ဦးကျော်ဇင်ဦး (၂၃ နှစ်) တို့ဦးဆောင်သည့် ကျောင်းသား ၂၁ ဦးသည် အရှည်သုံးပေခန့်၊ လုံးပတ်သုံးလက်မခွဲ သံပိုက်တစ်ချောင်းနှင့် သစ်သားတုတ်များ ကိုယ်စီကိုင်ဆောင်ကာ ကနီမြို့ အ.ထ.က ကျောင်းဝင်းအတွင်းရှိ ကျောင်းသားခြောက်ဦးအား ဝင်ရောက်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အုပ်စုဖွဲ့အရိုက်ခံခဲ့ရသည့် ကျောင်းသားခြောက်ဦးမှာ ဦးခေါင်းကွဲဒဏ်ရာများ၊ လက်ကျိုးဒဏ်ရာများ၊ လက်များတွင် ပေါက်ပြဲဒဏ်ရာများ၊ ဖနောင့်များတွင် ဖူးရောင်ဒဏ်ရာများ၊ လက်ကောက်ဝတ်များတွင် နာကျင်ဒဏ်ရာများ၊ ဦးခေါင်း၏နောက်စေ့တွင် ကွဲပြဲဒဏ်ရာများနှင့် ခန္ဓာကိုယ်၏ အထက်ပိုင်းနေရာများတွင် ပြင်းထန်သည့်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာများအသီးသီးရရှိခဲ့သည့် ကျောင်းသားများမှာ ကနီမြို့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသခံယူနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကနီမြို့ အမှတ် (၁) ရပ်ကွက် ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းက ကနီမြို့မရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းမှုကြောင့် ရဲမင်းဇော်ပါ ၂၃ ဦးအား (ပ) ၂၆၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၅၃/၁၁၄ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent