တရားလွှတ်တော်ရှေ့နေ ဦးကိုနီ သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ကြည်လင်း အပါအဝင် လေးဦးကို ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။
ထို့နေ့ ရုံးချိန်းတွင် အမှုနှင့် ပတ်သက်ပြီး သက်သေအဖြစ် ထွက်ဆိုထားသူ ကိုရဲထွဋ်လှိုင်ကို မမှန်မကန် သက်သေခံမှုဖြင့် စစ်ဆေးအရေးယူပေးရန် တရားလိုရှေ့နေများက ဥပဒေအရာရှိမှ တစ်ဆင့် တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း သိရသည်။
“ဒီနေ့ သက်သေ ကိုရဲထွဋ္ဌ်လှိုင်နဲ့ ပတ်သက်ပြီးတော့ သူက မမှန်သက်သေခံတယ် ဆိုပြီးတော့ ရုံးရှေ့မှာ ထွက်တာက တစ်မျိုး၊ တရားသူကြီးဆီမှာ ကြိုတင် ထွက်ချက်ပေးတုန်းက တစ်မျိုးဖြစ်နေတဲ့အတွက် မမှန်သက်သေ ထွက်ဆိုတဲ့အတွက် အရေးယူပေးဖို့ တရားလိုဘက်က ရှေ့နေတွေက ဒီနေ့လျှောက်လွှာတင်ပါတယ်။ တင်တဲ့အခါမှာ ရာဇဝတ်ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၇၆ အရ ဒါ ရာဇဝတ်အထွေထွေအမှု ဖွင့်ပါမယ်။ ဖွင့်ပြီးတော့မှ မမှန်သက်သေခံတာ ဟုတ် မဟုတ်ကို ရုံးက စစ်ဆေးပြီးတော့မှ သူ့ကို မမှန်သက်သေခံမှုနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ သက်သေခံတာ မပေါ်ပေါက်ဘူး။ ထွက်ဆိုတာတွေ လွဲနေတာဆိုလည်း ဒါက ပြီးသွားမှာပါ။ မမှန်သက်သေခံတာ ပေါ်ပေါက်တယ်ဆိုရင်တော့ ရုံးကပဲ တရားလိုလုပ်ပြီးတော့ မမှန်သက်သေခံမှုနဲ့ အရေးယူမှာပါ”ဟု တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောကြားသည်။
ထို့ပြင် အမှုနှင့်ပတ်သက်၍ ရဲထွဋ်လှိုင်၏ ကြိုတင်ထွက်ဆိုချက်များ ယူထားခဲ့သည့် မြို့နယ်တရားသူကြီးနှစ်ဦးက ၎င်းးအနေဖြင့် ကြိုတင်ထွက်ဆိုချက် ယူရာတွင် ကျင့်ထုံးပုဒ်မ ၁၆၄ အရ ကြိုတင်ထွက်ဆိုချက် ယူခဲ့ခြင်းဖြစ်ကြောင်း သက်သေအဖြစ် တရားရုံး၌ လာ ရောက် ထွက်ဆိုခဲ့ကြောင်း သိရသည်။
“ယခင် အင်းစိန်မြို့နယ် တွဲဖက်တရားသူကြီးဖြစ်တဲ့ ရပ်စောက်မြို့နယ် တရားသူကြီး ဒေါ်မြငြိမ်းအေးက ရဲထွဋ်လှိုင်ကို ကြိုတင်ထွက်ဆိုချက် ယူထားခဲ့တဲ့ တရားသူကြီးပါ။ ဒက္ခိဏသိရီမြို့နယ် တရားသူကြီး ဒေါ်ဝတ်မှုံပါ။ သူကတော့ ကိုမင်းမင်းထွန်းရယ် ဦးကျော် လင်းသန်းရယ် ဦးသန်းဝင်းတို့ရဲ့ ကြိုတင်ထွက်ချက်တွေကို ယူထားတဲ့ တရားသူကြီးပါ။ သူတို့ဆီမှာ ကျင့်ထုံးပုဒ်မ ၁၆၄ အရ ကြိုတင်ထွက်ချက်ပေးခဲ့တယ်ဆိုတဲ့အကြောင်း ထွက်ချက်မပေးခင်မှာ အဲဒီလိုပေးဖို့ တာဝန်မရှိဘူး။ အဲဒီလိုပေးလို့ နောင်မှာ ထွက်ချက်နဲ့ လွဲမယ်ဆိုရင် အရေးယူခံရနိုင်တယ်ဆိုတဲ့အကြောင်းစသဖြင့် သတိပေးပြီးတော့မှ ကြိုတင်ထွက်ချက် ယူခဲ့တယ်ဆိုတဲ့အကြောင်းကို တရားရုံးရှေ့မှာ လာထွက်ဆိုတာပါ”ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ဆက်လက်ပြောကြားသည်။
ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်သေအဖြစ် ထွက်ဆိုထားသူ ကိုရဲထွဋ်လှိုင်မှာ ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်အား နေပြည်တော်သို့ ကားမောင်းလိုက်ပို့ခဲ့သူဖြစ်ပြီး မြို့နယ်တရားရုံးတွင် ကျမ်းကျိန်ပြီး ကြိုတင်ထွက်ဆိုထားသည့် ထွက်ဆိုချက်နှင့် အထူးခုံရုံး၌ ကျမ်းကျိန်ထွက်ဆိုသည့် ထွက်ဆိုချက်အချို့မှာ ကွဲလွဲနေသဖြင့် ဥပဒေအရ အရေးယူပေးရန် လျှောက်ထားခဲ့မှုကို နိုဝင်ဘာ ၂၄ ရက် ရုံးချိန်းတွင် သီးခြားအမှုအနေဖြင့် လျှောက်ထားရန် တရားရုံးမှ ညွန်ကြားခဲ့ခြင်းကြောင့် ယခုကဲ့သို့ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါအမှုကို အပတ်စဉ် သောကြာနေ့တိုင်း ရုံးချိန်းပေးထားပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ အထူးခုံရုံးဖွဲ့ကာ တရားသူကြီး သုံးဦးဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။