ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မသင်္ကာသူတစ်ဦး၏ လှေကိုရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းခွဲကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အလားတူ ရှာဖွေမှုတစ်ခုတွင်လည်း စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းနီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ၀၆၀၅ အချိန် တပ်မတော်သားများသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်အတွင်း မင်္ဂလာကြီးချောင်းဝ၊ ဦးစောလှကျွန်း အရှေ့တောင်ဘက် ကိုက် ၃၀၀ ခန့်အကွာတွင် မော်နိုး ၏ လက်ခတ်လှေကို ရှာဖွေရာ လှေပေါ်ရှိဆာလာအိတ် ၄ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅၅,၅၀၀ပြားကိုလည်းကောင်း၊ အလားတူ ၁၉၂၅ အချိန် မောင်တောမြို့နယ်၊ ရွက်ညိုတောင်ချောင်းဝ အနောက်မြောက်ဘက် သုည ဒသမ ၅ မိုင်ခန့်အကွာတွင် ဆော်လိမ်မူလာနှင့် အာလီရာမက် တို့နှစ်ဦး ၏ ဖောင်ကိုရှာဖွေရာ ဖောင်ပေါ်ရှိဆာလာအိတ် ၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀,၀၀၀ ပြားကို လည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် မော်နိုး(၃၀)နှစ်၊ ဆော်လိမ်မူလာ(၃၄)နှစ် နှင့် အာလီရာမက် (၁၆)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်ဟု ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။