တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာတွင် ကျောက်တင်ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးလာသည့် သားအဖသုံးဦး သေဆုံး

တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာတွင် ကျောက်တင်ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးလာသည့် သားအဖသုံးဦး သေဆုံး
Published 7 November 2017

တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာတွင် ကျောက်တင်ကားနှင့် ဆိုင်ကယ်တိုက်မိပြီး သားအဖသုံးဦး သေဆုံးခဲ့ရကြောင်း သိရသည်။

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာတွင် နိုဝင်ဘာ ၆ ရက် ၁၂ နာရီ၌ ရွာလယ်ပိုင်းမှ ချောင်းလမုကျေးရွာ အလကစာသင်ကျောင်းသို့ ဦးအောင်မျိုးသူ (ခ) သားကြီး (၃၂) နှစ်မောင်းနှင်ပြီး ဆိုင်ကယ်အနောက်တွင် ကျောင်းတက်ရန် လိုက်ပါလာသော သမီးဖြစ်သူ မဝိုင်းစံပယ်ဖူး ကိုးနှစ် ဒုတိယတန်းနှင့် သားဖြစ်သူ မောင်ကြည်သူစိုး ခြောက်နှစ် KG တန်းတို့လိုက်ပါလာကြောင်း သိရသည်။ ထို့သို့ ဆိုင်ကယ်မောင်းနှင်လာစဉ် နေမင်းနိုင်ဆိုသူ မောင်းနှင်လာသည့် SKAT အမျိုးအစား ခြောက်ဘီးတပ်အဝါရောင်ကား (TNI-31/3092) ကျောက်တင်ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဦးအောင်မျိုးသူတွင် ခြေကျိုး၊ ရင်ဘတ်ပွန်းပဲ့ အောက်မေးပေါက်ပြဲဒဏ်ရာ၊ သမီးဖြစ်သူ မဝိုင်းစံပယ်ဖူးတွင် ခြေသလုံးကျိုး၊ ပါးစပ်သွေးထွက်နှင့် သားဖြစ်သူ မောင်ကြည်သူစိုးတွင် ဝဲဘက်လက်မောင်းကျိုး၊ တင်ပါးပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်ပွန်းပဲဒဏ်ရာများရရှိကာ အခင်းဖြစ်သည့်နေရာတွင် သေဆုံးသွားခဲ့ရကြောင်း သတင်းရရှိသည်။

“ဒီလိုအဝေးပြေးလမ်းပေါ်မှာ ကျောက်တင်ကားတွေအပါအဝင် ကားတွေအရှိန်နဲ့ မောင်းနေတာရှိပါတယ်။ ဒါပေမဲ့ လူတွေနေထိုင်တဲ့ ကျေးရွာအတွင်း ဖြတ်သန်းနေတဲ့အခါမှာ အရှိန်လျှော့မောင်းဖို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကိုလိုက်နာဖို့ ကျွန်တော်တို့ပြောနေတာကြာပါပြီ။ အခု ကျောင်းသူ/သားလေး နှစ်ဦး အသက်ဆုံးရှုံးရတဲ့အပြင် ဖခင်တစ်ယောက်လည်း သေဆုံးခဲ့ရတယ်။ အထူးသဖြင့် ကျောင်းလွှတ်ချိန်၊ ကျောင်းတက်ချိန်တွေမှာ ကားမောင်းသူတွေအနေနဲ့ ပိုပြီးသတိထားပေးသင့်ပါတယ်။ ကျောက်တင်ကားတွေမှာ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနေတဲ့သူတွေ၊ အသက်မပြည့်ဘဲ တက်မောင်းနေတဲ့သူတွေရှိနေတယ်။ ဒါကို ယာဉ်စည်ကမ်း လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီတွေအနေနဲ့ ကြပ်မတ်ဆောင်ရွက်ပေးဖို့ တောင်းဆိုပါရစေ” ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာတွင် ကျောက်ကားအား မောင်းနှင်လာသူ ဦးနေမင်းနိုင် (၃၂) နှစ် (ဘ) ဦးစိုးတင့်ဆိုသူအား ဖမ်ဆီးထားပြီး တနင်္သာရီမြို့မရဲစခန်းမှ ယာဉ် (ပ) ၂၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent