ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြားရှိ မန်လွယ်ကျေးရွာအကွေ့တွင် နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုမှာ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၃၈/၆) နှင့် (၇) ကြားရှိ မန်လွယ်ကျေးရွာအကွေ့ ရှီးရင်ဟွမ်းကုန်စုံဆိုင်ရှေ့တွင် မူဆယ်ဘက်မှ လားရှိုးဘက်သို့မောင်းနှင်လာသော သီပေါမြို့နယ် နားမခေါ်ကျေးရွာနေသူ ယာဉ်မောင်း ကျော်ဦး (၂၁ နှစ်) မောင်းနှင်လာသည့် 6K/----UD NISSAN DIESEL အမျိုးအစား ၂၂ ဘီးတွဲကား အနီရောင်သည် လားရှိုးဘက်မှ မူဆယ်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသည့် MDY FF/----PROBOX ခဲရောင်ယာဉ်အားတိုက်မိရာ PROBOX ယာဉ်သည် လမ်းဘေးသို့ချိတ်ဆွဲပါသွားပြီး လမ်းဘေးတွင် ရပ်တန့်ထားသော လမ်းကြိတ်စက်နှင့် ညပ်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် လားရှိုးဘက်မှ မူဆယ်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသည့် MDY FF/----PROBOX ယာဉ်မောင်း (အမည်၊ နေရပ်၊ လိပ်စာ စုံစမ်းဆဲ) တွင် ယာလက်မောင်းကျိုးဒဏ်ရာ၊ ဦးခေါင်းကြေမွဒဏ်ရာ၊ ၎င်းယာဉ်ပေါ်ပါ မချိုချိုထွေး (၅၁ နှစ်) (၁၂) ရပ်ကွက် လားရှိုးနေသူတွင် ယာပါးနှင့် မေးရိုးပေါက်ပြဲပွင့်ထွက်ဒဏ်ရာ၊ ယာခြေသလုံးကျိုးဒဏ်ရာ၊ မအိအိထွေး (၂၉ နှစ်) (၁၂) ရပ်ကွက် လားရှိုးမြို့နေသူတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ သက်ဇော်ထိုက် (၃၃ နှစ်) (၁) ရပ်ကွက် လားရှိုးမြို့နေသူတွင် ယာဘက်လက်မောင်းရိုးကျိုးဒဏ်ရာ၊ ခြေချင်းဝတ်ကျိုးဒဏ်ရာ၊ ဦးခေါင်းကြေမွဒဏ်ရာ၊ ခိုင်ထက် (၂၁ နှစ်) ညောင်ရေးကျေးရွာ မြင်းမူမြို့နယ်နေသူတွင် ဝဲလက်ကျိုးကြေဒဏ်ရာ၊ ဦးခေါင်းကြေမွဒဏ်ရာများရရှိကာ ယာဉ်ပေါ်ပါ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးတို့မှာ ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“မူဆယ်ဘက်ကနေဆင်းလာတဲ့ ၂၂ ဘီး ကုန်တင်တွဲကားနဲ့ လားရှိုးဘက်ကနေလာတဲ့ ခရီးသည်တင်ယာဉ်ငယ်နဲ့ မန်လွယ်ကျေးရွာအကွေ့မှာ တိုက်မိတာပါ။ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ငယ်ပေါ်မှာပါလာတဲ့ ငါးဦးလုံး ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးပြီး ၂၂ ဘီး ကုန်တင်ယာဉ်မောင်းကိုလည်း ဖမ်းမိထားပါတယ်” ဟု ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး လူသေဆုံးအောင် မောင်းနှင်သူ တွဲကားအနီရောင်ယာဉ်မောင်း ကျော်ဦးအား ယာဉ် (ပ) ၂၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၀၄ (က) ဖြင့် အမှုဖွင့်စစ်ဆေးအရေးယူထားကြောင်း သိရသည်။