ကျောက်တန်းမြို့နယ် တန်ဆောင်တိုင် မီးထွန်းပွဲတော်၌ ဓားနှစ်ချောင်းကိုင်ပြီး သောင်းကျန်းနေသူအား ဖမ်းဆီးအမှုဖွင့်

ကျောက်တန်းမြို့နယ် တန်ဆောင်တိုင် မီးထွန်းပွဲတော်၌ ဓားနှစ်ချောင်းကိုင်ပြီး သောင်းကျန်းနေသူအား ဖမ်းဆီးအမှုဖွင့်
Published 4 November 2017

ကျောက်တန်းမြို့နယ်တွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်၌ ဓားနှစ်ချောင်း ကိုင်ဆောင်ကာ သောင်းကျန်းနေသူအား ဖမ်းဆီး အမှုဖွင့်ထားကြောင်း နိုဝင်ဘာ ၃ ရက်တွင် သက်ဆိုင်ရာရဲစခန်းမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာ ၂ ရက် ည ၉ နာရီခွဲခန့်တွင် ကျောက်တန်းမြို့နယ်၊ မီးပြစံပြကျေးရွာတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျင်းပနေသည့် ပွဲတော်အတွင်း အမျိုးသားတစ်ဦးမှာ ဓားကိုင်သောင်းကျန်းနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ပြီး လုံးထွေးသတ်ပုတ်ကာ ဖမ်းဆီးထားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာရဲစခန်းမှ သွားရောက် စစ်ဆေးရာ ဓားကိုင်သောင်းကျန်းသည့် အမျိုးသားမှာ ယင်းကျေးရွာနေ ကို....(၂၈ နှစ်) ဖြစ်ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးရာ ကို...(၂၈ နှစ်) မှာ အရက်သေစာသောက်စားပြီး အရိုးအသွား ကိုးလက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းနှင့် အရိုးအသွား (၁၂) လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းအား ကိုင်ဆောင်ကာ သောင်းကျန်းနေကြောင်း သိရသည်။

ထို့ပြင် ၎င်းမှာ ကျေးရွာတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်သူများအား ရန်ပြုစိန်ခေါ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တန်ဆောင်တိုင်ပွဲတော်မှာ ဓားနှစ်ချောင်းကိုင်ပြီး သောင်းကျန်းနေတဲ့သူကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပြည်သူတွေက ပူးပေါင်းပြီး ထိန်းသိမ်းထားတယ်ဆိုတာ သတင်းရလို့ သွားရောက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဓားကိုင်သောင်းကျန်းတဲ့သူက အဲဒီကျေးရွာမှာပဲနေတဲ့သူဖြစ်ပြီး အဲဒီချိန်သူက အရက်သေစာ သောက်စားထားတယ်လို့ သိရပါတယ်” ဟု ကျောက်တန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ဓားကိုင်သောင်းကျန်းခဲ့သည့် ကို...(၂၈ နှစ်) အား လက်နက်ဥပဒေ ပုဒ်မ ၁၉ (င) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent