မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် စုပေါင်းဘုံကထိန်ပွဲတွင် ဓားထိုးမှုဖြစ်စဉ်နှစ်ခု နိုဝင်ဘာ၂ ရက်က ဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂ရက် ည ၁၀ နာရီခန့်က မြစ်သားမြို့နယ် စုပေါင်းဘုံကထိန်ပွဲတော်၏ စတိတ်စင်အနီးတွင် ကနေသည့် ပိုင်ဇင်မိုး(၂၀ နှစ်) ဥသျှစ်ကုန်းကျေးရွာနေသူအား လူတစ်ဦးက ရင်ဘတ်ဝဲဘက်ခြမ်းအား ဓားဖြင့်ထိုးခဲ့သဖြင့် ဆေးရုံတွင်တက်ရောက် ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူကို စုံစမ်းဆဲဖြစ်ကာ မြစ်သားမြို့မရဲစခန်းတွင် (ပ)၅၇၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ည ၁၀နာရီခွဲက အဆိုပါ စုပေါင်းဘုံကထိန်ပွဲတော် စတိတ်စင်အနီးတွင်ပင် မြစ်သားမြို့နယ် ကံဆယ်ကျေးရွာမှ ဆယ်တန်းကျောင်းသား မောင်ဝေလင်းအောင် (၁၇ နှစ်) အား တစ်ရွာတည်း နေထိုင်သည့် ဇော်မျိုးသက်နှင့် ကျော်ဟိန်းတို့သုံးဦး စကားများရန်ဖြစ်ရာမှ ၁၀ တန်းကျောင်းသား မောင်ဝေလင်းအောင်၏ ဝဲဘက်ရင်အုံအား ဓားထိုးခံခဲ့ရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မောင်ဝေလင်းအောင် ဆေးရုံတက်ရောက်ကုသစဉ် သေဆုံးသွားခဲ့သဖြင့် မြစ်သားမြို့မရဲစခန်းတွင်ပင် (ပ)၅၇၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကာ ကျူးလွန်သူဇော်မျိုးသက်နှင့် ကျော်ဟိန်းတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ထိုနေ့တစ်ရက်တည်းပင် ကျောက်ဆည်မြို့နယ်တွင်လည်း ကထိန်ခင်းလှည့်လည်စဉ် ကားလမ်းပိတ်သည့်ကိစ္စနှင့် စကားများကာ ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။