တနင်္သာရီမြို့နယ်၊ ပဝကျေးရွာတွင် စရဖမှ တပ်ကြပ်ကြီးတစ်ဦးနှင့် အရက်ဆိုင်ပိုင်ရှင်၏ သားဖြစ်သူတို့က ကျေးရွာသားများအား သေနတ်ဒင်ဖြင့် ထုခြင်း၊ ဖန်ခွက်ကို အသုံးပြုကာ ဝိုင်းရိုက်မှုများကြောင့် ရွာသားနှစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း တနင်္သာရီမြို့မ ရဲခန်းမှတစ်ဆင့် တရားရုံးသို့ ဦးတိုက်လျှောက်သွားမည်ဟု သိရသည်။
“ပဝမှာ စရဖတစ်ဦးက ရွာသားတစ်ဦးကို ရိုက်နှက်မှုဖြစ်ခဲ့တယ်ဆိုတာက ဟုတ်ပါတယ်။ သေနတ်ဒင်နဲ့ထုလိုက်တာ ဦးခေါင်း ပေါက်သွားတယ်လို့ သိရပါတယ်။ အရက်သောက်နေကြရင်း ဖန်ခွက်ကျကွဲရာကနေ အထင်မှားပြီး ရိုက်နှက်ကြတယ်လို့ သိရပါတယ်။ ဘာဖြစ်ဖြစ်ပေါ့ နိုင်ငံ့ဝန်ထမ်းတစ်ဦး အနေနဲ့ ဒီလိုပြည်သူတစ်ယောက်ကို ဥပဒေအရ ဆောင်ရွက်တာမျိုးမဟုတ်ဘဲ လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာ ရိုက်နှက်တာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ကာယကံရှင် ကောင်လေးတွေကတော့ နိုဝင်ဘာ ၂ ရက်က စခန်းမှာ အမှုလာဖွင့်တယ်လို့ သိရပါတယ်။ ဒီအမှုကိုတော့ တရားဥပဒေစိုးမိုးရေးအတွက် အရပ်ဘက်စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဆက်လက် စောင့်ကြည့်နေမှာပါ” ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒဏ်ရာရရှိခဲ့သူများမှာ နိုဝင်ဘာ ၂ ရက် ညနေပိုင်းတွင် တနင်္သာရီမြို့သို့ ရောက်ရှိလာပြီး တနင်္သာရီမြို့မရဲစခန်းတွင် လာရောက် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
“ရဲစခန်းကတော့ သာမန်ဒဏ်ရာလို့ သတ်မှတ်ပြီး ပုဒ်မ ၃၂၃ လို့ သတ်မှတ်ပါတယ်။ တရားရုံးကို ဦးတိုက်လျှောက်ခိုင်းထားပါတယ်” ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အမှုဖြစ်စဉ်အား ရဲအုပ်မောင်မောင်က ရေးမှတ်ထားကာ ရဲဆေးစာနှင့် ဒဏ်ရာရရှိထားသော ရဲကိုအောင်နှင့် ဟိန်းစိုးတို့အား တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အမှုအား တရားရုံးဖွင့်သည့် နိုဝင်ဘာ ၆ ရက်တွင် တနင်္သာရီမြို့မရဲစခန်း၏ “က” “ခ” ပုံစံ ဖြင့် မြို့နယ်တရားရုံးသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။