ဒဂုံတောင်မြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ဆိုင်ကယ်စီးလာသူများကို ဓားထောက်လုယက်သည့်အဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
အောက်တိုဘာ ၆ ရက်နံနက် ၅ နာရီခန့်တွင် လုယက်မှုများ ကျူးလွန်ထားကြောင်း သတင်းရရှိထားသူ သက်နိုင်ထွန်း၊ သက်နိုင်အောင်၊ ဇင်မျိုးထိုက်နှင့် ဖိုးလပြည့်တို့ လေးဦးအား ဒဂုံဆိပ်ကမ်းမြို့နယ် စွယ်တော်ရိပ်လမ်းမပေါ်တွင် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးရာ ၎င်းတို့ခိုးယူလာသည့် ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့်လေးဦးအား ထပ်မံစစ်ဆေးရာ ၎င်းတို့မှာ ချစ်ကိုနှင့်အတူ အခြားလုယက်မှုများ ကျူးလွန်ထားကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ချစ်ကိုအား ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ ဒဂုံဆိပ်ကမ်းမြို့နယ် ၆၀ ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့ငါးဦးမှာ သြဂုတ်လအတွင်းက ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြနန္ဒာလမ်းပေါ်တွင် အမျိုးသားတစ်ဦး စီးလာသည့်ဆိုင်ကယ်အား လည်းကောင်း၊ စက်တင်ဘာလအတွင်းက ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆိုင်ကယ်နှစ်စီးအား လည်းကောင်း၊ ဒဂုံတောင်မြို့နယ်အတွင်းမှ ဆိုင်ကယ်သုံးစီးအားလည်းကောင်း ဓားထောက်လုယက်ခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလအတွင်းက ဒဂုံတောင်မြို့နယ်အတွင်းတွင် ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးအား လည်းကောင်း ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှ ဆိုင်ကယ်တစ်စီးအားလည်းကောင်း ဓားထောက်လုယက်ခဲ့ကြောင်း သိရသည်။
“လုယက်မှု၊ ခိုးမှုတွေ ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ စီမံချက်နဲ့ ဆောင်ရွက်နေတုန်းမှာ လုယက်မှုတွေ ကျူးလွန်ထားတယ်လို့ သတင်းရထားတဲ့သူတွေကို ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ကို စစ်ဆေးတဲ့အခါမှာ ဆိုင်ကယ်ကိုးစီးနဲ့ ဖုန်းသုံးလုံးကို လုယက်ထားတာ ပေါ်ပေါက်ခဲ့ပါတယ်။ အခုတော့ သူတို့ကို သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့် ဆောင်ရွက်ထားပါတယ်” ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လုယက်မှုများ ကျူးလွန်ထားသူများထံမှ သက်သေခံပစ္စည်းများအား ရဲတပ်ဖွဲ့မှ ပြန်လည်သိမ်းဆည်းထားပြီး ပစ္စည်းပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာရဲစခန်းများနှင့် ချိတ်ဆက်ပေးရန် လိုအပ်ကြောင်း အဆိုပါရဲအရာရှိ၏ ပြောကြားချက်အရ သိရသည်။
ထိုသို့ လုယက်မှုများပေါ်ပေါက်ခဲ့သဖြင့် ၎င်းတို့ငါးဦးအား သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း သိရသည်။