မိမိကိုယ်ကိုယ်သတ်သေမှု အပါအဝင် ရန်ကုန်တိုင်းဒေသကြီး၌ ကိုးလအတွင်း သေမှုသေခင်း ၉၀၀ ကျော် ဖြစ်ပွား

မိမိကိုယ်ကိုယ်သတ်သေမှု အပါအဝင် ရန်ကုန်တိုင်းဒေသကြီး၌ ကိုးလအတွင်း သေမှုသေခင်း ၉၀၀ ကျော် ဖြစ်ပွား
Published 7 October 2017

မိမိကိုယ်ကိုယ်သတ်သေမှု အပါအဝင် ရန်ကုန်တိုင်းဒေသကြီး၌ ကိုးလအတွင်း သေမှုသေခင်းဖြစ်စဉ် ၉၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါ သေမှုသေခင်းဖြစ်စဉ်များတွင် မိမိကိုယ်ကိုယ်ဓားဖြင့်လှီးခြင်း၊ အဆိပ်သောက်သေဆုံးခြင်း၊ ဆွဲကြိုးချသေဆုံးခြင်း၊ ရေနစ်သေဆုံးခြင်း၊ ဓာတ်လိုက်သေဆုံးခြင်း၊ အမြင့်မှပြုတ်ကျခြင်းများ အပါအဝင် သေမှုသေခင်း အမှုအမျိုးအစား ၂၆ မျိုး ပါဝင်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလအစမှ စက်တင်ဘာလကုန်အထိ ရေနစ်သေဆုံးမှု ၂၃၄ မှု၊ ဓာတ်လိုက်သေဆုံးမှု ၈၁ မှု၊ အမြင့်မှပြုတ်ကျသေဆုံးမှု ၄၃ မှု၊ မိုးကြိုးပစ်ခံရ၍ သေဆုံးမှု ငါးမှု၊ ဆွဲကြိုးချသေဆုံးမှု ၁၃၈ မှု၊ အဆိပ်သောက်သေဆုံးမှု ၂၆ မှု၊ ကား၊ ရထားပေါ်မှ ပြုတ်ကျသေဆုံးမှု တစ်မှု၊ ရထားကြိတ်ခံရမှု ၁၃ မှု၊ အမည်မသိ ဒဏ်ရာရရှိသေဆုံးမှု ခုနစ်မှု၊ ဒဏ်ရာမရှိဘဲသေဆုံးမှု ၅၂ မှု၊ အရက် အမူးလွန်သေဆုံးမှု ၁၃၆ မှု၊ ရောဂါကြောင့် သေဆုံးမှု ၂၀၆ မှု၊ ရုတ်တရက် ထိခိုက်သေဆုံးမှု ၂၂ မှု၊ မိမိကိုယ်ကိုယ် ဓားဖြင့်လှီးသေဆုံးမှု နှစ်မှု၊ မြေပြို သတ္တုတွင်းပြိုသေဆုံးမှု တစ်မှု၊ ဆင်နင်းခံရ၍ သေဆုံးမှု တစ်မှု၊ အစာအဆိပ်သင့် သေဆုံးမှုတစ်မှု၊ မီးလောင်သေဆုံးမှုတစ်မှု၊ သေမှုသေခင်းမှ အခြားပုဒ်မသို့ ပြောင်းလဲသွားသည့် အမှု ငါးမှု၊ ဗုံးဟောင်းပေါက်သေဆုံးမှု တစ်မှု၊ လှေမှောက်သေဆုံးမှု တစ်မှုတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေမှုသေခင်း ၂၆ မျိုးအနက် မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်မှု၊ ဆေးသောက်လွန်သေဆုံးမှု၊ ဆေးမှားသောက်သေဆုံးမှု၊ သစ်ပင်ပိသေဆုံးမှုတို့မှာမူ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

လအလိုက်သေဆုံးမှုများမှာ ဇန်နဝါရီတွင် ၉၈ မှု၊ ဖေဖော်ဝါရီတွင် ၇၃ မှု၊ မတ်တွင် ၁၀၉ မှု၊ ဧပြီတွင် ၁၃၅ မှု၊ မေတွင် ၁၁၃ မှု၊ ဇွန်တွင် ၁၁၂ မှု၊ ဇူလိုင်တွင် ၁၄၂ မှု၊ သြဂုတ်တွင် ၉၁ မှု၊ စက်တင်ဘာတွင် ၁၀၅ မှု စုစုပေါင်း ၉၇၈ မှုတို့ဖြစ်သည်။

Most Read

Most Recent