မန္တလေးတက္ကသိုလ်ဝင်းအတွင်း ဆိုင်ကယ်ခိုးယူသူ တစ်ဦးအား ဖမ်းမိရာမှတစ်ဆင့် အခြားဆိုင်ကယ်ရှစ်စီး ခိုးယူထားသည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းမှ သတင်းရရှိသည်။
စက်တင်ဘာ ၈ ရက်က အမှတ် (၉)စခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မန္တလေးတက္ကသိုလ်ရပ်ကွက်အတွင်း ခိုးဆိုးသတင်းများ စုံစမ်းနေစဉ် ဓမ္မာရုံလမ်းနှင့် ရတနာပုံလမ်းထောင့်တွင် Honda Scoopy ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ ၎င်းမှာ သန်းနိုင် (ခ) နော်မိုင်းဆိုသူဖြစ်ပြီး ဆိုင်ကယ်ကို တက္ကသိုလ်ဝန်းအတွင်း လေးထပ်ဆောင်အောက်မှ ခိုးယူလာသည့် ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဆိုင်ကယ်ခိုးယူလာသူကို စစ်ဆေးချက်အရ မန္တလေးမြို့ပေါ်ရှိ အခြားနေရာများနှင့် တက္ကသိုလ်ဝင်းအတွင်းမှ အခြားဆိုင်ကယ်များကိုလည်း မြစ်ကြီးများမြို့နေ သူငယ်ချင်းဖြစ်သူများနှင့်အတူ ခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ရာ ခိုးယူထားသည့် ဆိုင်ကယ်များကို မြစ်ကြီးနားမြို့သို့ သွားရောက် သိမ်းဆည်းခဲ့ရသည်ဟု သိရသည်။
ထို့နောက် အတူခိုးယူခဲ့သူများဖြစ်သည့် လင်းလတ်နှင့် အောင်ပိုင်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့ခိုးယူလာသည့် ဆိုင်ကယ်များဖြစ်သော FZ အမျိုးအစား ခိုပြာရောင် တစ်စီး၊ FZ အမျိုးအစား နက်ပြာရောင်တစ်စီး၊ Honda Scoopy အဖြူရောင်တစ်စီး၊ Honda Scoopy ပန်းရောင်တစ်စီး၊ အနီရောင်တစ်စီး၊ Honda Scoopy နက်/ရွှေရောင် တစ်စီး၊ Honda Scoopy ဖြူနံ့သာရောင်တစ်စီး စုစုပေါင်း ရှစ်စီးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်ခိုးယူတွေကို ခိုးမှုနဲ့ အမှုဖွင့်ဖို့ ဆောင်ရွက်နေပါတယ်။ မန္တလေးတက္ကသိုလ်နားတစ်ဝိုက်မှာ ဆိုင်ကယ်ပျောက်ဆုံးသူတွေ အနေနဲ့ လာရောက် ကြည့်ရှုနိုင်ပါတယ်။ မိမိဆိုင်ကယ်ဟုတ်တယ်ဆိုရင် အထောက်အထား အပြည့်အစုံနဲ့ လာရောက်တိုက်ဆိုင် စစ်ဆေးလို့ရပါတယ်” ဟု အမှတ် (၉) ရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။