မြစ်ကြီးနားမြို့တွင် ရဲတပ်သားတစ်ဦး မူးယစ်ဆေးသုံးစွဲရာမှ ရှော့ဖြစ်သေဆုံး

မြစ်ကြီးနားမြို့တွင် ရဲတပ်သားတစ်ဦး မူးယစ်ဆေးသုံးစွဲရာမှ ရှော့ဖြစ်သေဆုံး
Published 12 September 2017

မြစ်ကြီးနားမြို့တွင် ရဲတပ်သားတစ်ဦး မူးယစ်ဆေးသုံးစွဲမှု လွန်ကဲရာမှ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူတပ်သား ကို . . . သည် မြစ်ကြီးနားမြို့ စီတာပူရဲကင်းတွင် အထွေထွေ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ ဝန်းသို့ ကျောင်းတိုက်ရှိ ဘုန်းတော်ကြီးကျောင်းအိမ်သာအတွင်း သေဆုံးနေသည်ကို စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူသည် အိမ်သာအတွင်း ဦးခေါင်းအောက်သို့ စိုက်လျက်သေဆုံးနေပြီး ဘေးရေကန်ဘောင်တွင် ဆေးထိုးအပ်တစ်ချောင်း၊ ကော်ဘူးခွံတစ်ခုတို့အား တွေ့ရှိရကြောင်း သိရသည်။

ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦးက “ရဲသားက ဝန်းသို့ ကျောင်းကတိုက်မှာ အစောင့်ကျတဲ့ အသိဆီဝင်တာလို့ ပြောတယ်။ မနက် ၉ နာရီလောက်ကတည်းက ဝင်သွားတာ။ ဘယ်သူမှ သတိမထားမိကြဘူး။ နောက်မှ ပျောက်နေလို့ ရှာကြတော့မှ အိမ်သာသွားတယ်ဆိုပြီး ရှာမှတွေ့တာ။ ဆေးထိုးအပ်တစ်ချောင်းနဲ့ ကော်ဘူးလေးတွေ့တယ်။ ဖိုးရှော့ဖြစ်တာပေါ့” ဟု ပြောကြားသည်။

သေဆုံးသူ ရဲတပ်သားမှာ အိမ်ထောင်ရှိသူတစ်ဦးဖြစ်ပြီး ဇနီးသည်မှာကိုယ်ဝန်ဖြင့် ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကချင်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းသော်လည်း မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးနေပြီး အဖြေအတိအကျကို နောက်ရက်မှသာ ရရှိမည်ဖြစ်ကြောင်း ဖြေကြားသည်။

ကချင်ပြည်နယ်တွင် ၂၀၁၃ ခုနှစ်အတွင်း ရဲတပ်ဖွဲ့ဝင် ၆၇ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် အများဆုံး ဖမ်းဆီးရမိခဲ့ပြီး မူးယစ်တိုက်ဖျက်ရေးအဖွဲ့များက ဖမ်းဆီးရာတွင်လည်း မူးယစ်ဆေးသုံးစွဲသည့် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခြင်းများ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent