ဒေါက်တာနိုင်ဆွေဦးနှင့် တွေ့ဆုံခြင်း

ဒေါက်တာနိုင်ဆွေဦးနှင့် တွေ့ဆုံခြင်း
Published 11 December 2017

‘R2P မှာ ပြည်သူလူထု (Population)လို့ ဆိုထားပြီး နိုင်ငံသား (Citizen) လို့ ကန့်သတ်ထားတာ မရှိတာမို့ အထူးသတိထားရမယ့် အချက်ဖြစ်ပါတယ်’

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဘင်္ဂါလီ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပိုင်းမှာ အမျိုးသားလုံခြုံရေးအခန်းကဏ္ဍဟာ ပိုမိုပြီးရှေ့တန်းရောက်လာခဲ့တယ်လို့ဆိုရပါမယ်။ ဘင်္ဂါလီအစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုပြဿနာအပြင် နိုင်ငံတကာရဲ့ ခေါင်းစဉ်တပ်ဖိအားပေးမှုတွေနဲ့ ဘင်္ဂါလီတွေ ပြန်လည်လက်ခံရေး၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေးကိစ္စတွေကိုလုံးပန်းနေရတဲ့အပြင် နိုင်ငံရေးအရထိုးနှက်ချက်တွေ စီးပွားရေးကျဆင်းမှုတွေနဲ့ တိုင်းပြည်ရဲ့ မျက်မှောက်အခြေအနေကတော့ အားရစရာကောင်းလှတယ်လို့ မဆိုနိုင်ပါဘူး။ ဒါ့ကြောင့် မျက်မှောက်ကာလမှာ အမျိုးသားလုံခြုံရေးအခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါနေလဲ၊ RESPONSIBILITY TO PROTECT တာဝန်အရ ကာကွယ်ပေးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တကယ်ပဲ ဝင်ရောက်စွက်ဖက်လို့ရနိုင်လား။ ဘယ်လောက်အတိုင်းအတာထိစိုးရိမ်ရလဲ။ ပြည်ထောင်စုကြီးရဲ့ အနာဂတ်အရေးကရော စိုးရိမ်ဖွယ်ရာ အခြေအနေမှာရှိနေပြီလားဆိုတာကို သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒေါက်တာနိုင်ဆွေဦးနဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

 

မေး - ပထမဆုံးအနေနဲ့ ဒီနေ့ကာလမှာ အမျိုးသားလုံခြုံရေးအခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါလာ လဲဆိုတာ အရင်ဆုံးပြောရအောင်ဆရာ၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ကပဲ ဆရာတို့သေနင်္ဂအင်စတီကျုက ပညာရှင်တချို့ကိုဖိတ်ကြားပြီး အမျိုးသားလုံခြုံရေးနဲ့ ပြည်ထောင်စုအနာဂတ်အရေးကိစ္စတွေကို ဆွေးနွေးသွားတာရှိတော့ ဒီနေ့ကာလ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်တဲ့ အနေအထားအပေါ်မှာ ဘယ်လိုရှုမြင်သုံးသပ်လဲဆိုတာ ပြောပြပေးပါ။

ဖြေ။     အမျိုးသားလုံခြုံရေး (National Security) ဆိုတာ သိပ်ကိုကျယ်ပြန့်ပါတယ်။ အမျိုးသားလုံခြုံရေး (National Security) ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ နယ်နိမိတ် တည်တံ့ခိုင်မြဲရေးနဲ့ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ငြိမ်းချမ်းအေးချမ်းစွာနဲ့ ဘဝကိုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေ၊ နိုင်ငံသားဖြစ်မှုတွေ၊ သူတို့နိုင်ငံရဲ့ လူမှုစီးပွားရေးဘဝခိုင်မာရေး၊ ဒီလိုမျိုးကိစ္စရပ်တွေမှာ ခြိမ်းခြောက်ခံလာရတယ် သို့မဟုတ် ဒီလိုကိစ္စရပ်တွေမှာ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ခွင့်မရှိဘဲနဲ့ တစ်နည်းတစ်လမ်းနဲ့ ခြိမ်းခြောက်ပြီးတော့ဖြစ်စေ၊ သြဇာလွှမ်းမိုးပြီးတော့ပဲဖြစ်စေ သို့မဟုတ် စစ်ရေးအရ ခြိမ်းခြောက်ပြီးတော့ပဲဖြစ်စေ၊ စစ်အင်အား အသုံးပြုပြီးတော့ပဲဖြစ်စေ၊ ဒီကိစ္စရပ်တွေကို ထိပါးလာမယ်၊ ကျူးကျော်လာမယ်၊ ခြိမ်းခြောက်ဖို့ကြံစည်လာတာတွေ သေချာတယ်ဆိုရင် ဒီကိစ္စတွေဟာ အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်သွားပါတယ်။ အမျိုးသားလုံခြုံရေးမှာ ပါဝင်သက်ဆိုင်နေတဲ့ အရာတွေရှိ ပါတယ်။ အဲဒါတွေက Military security, Economic security, Resource security, Border Security, Demographic security, Disaster security, Energy security, Geost-rategic security, Informational security, Food security, Health security, Ethnic security, Environmental security, Cyber security, Genomic security စတာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ ကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်တစ်ရပ်တည်းရဲ့စစ်အင်အားနဲ့ ကာကွယ်ဖို့ဆိုတာထက် နိုင်ငံမှာရှိတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး၊ ကာကွယ်ရေး ဒီအင်အားစုအားလုံးဟာ စုပေါင်းပြီး ဘက်စုံထောင့်စုံကနေ တက်ညီလက်ညီ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးဟာ နိုင်ငံတစ်နိုင်ငံအတွက် အသက်တမျှ အရေးကြီးပါတယ်။ ဒီလိုအမျိုးသားလုံခြုံရေးမှာပါဝင်နေတဲ့ စောစောကအချက်တွေကိုကြည့်မယ်ဆိုရင် ဒီထဲက တစ်ခုခုသာ ချို့ယွင်းသွားမယ်၊ ယိုယွင်းသွားမယ်၊ ခြိမ်းခြောက်ခံရမယ်ဆိုရင် ကျွန် တော်တို့ လုံခြုံရေးအန္တရာယ်ထိပါးပြီလို့ ကျွန်တော်တို့ပြောလို့ရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အနေအထားတွေ၊ အခြေအနေတွေကို ကြည့်မယ်ဆိုလို့ရှိရင်လည်း အမျိုးသားလုံခြုံရေးအတွက် ထိပါးလာမယ့် အလားအလာတွေ အန္တရာယ်တွေ၊ နိုင်ငံတကာကနေပြီးတော့ ပါဝင်ပတ်သက်ပြီးတော့ ဖိအားပေးမှုတွေ၊ တောင်းဆိုမှုတွေဖြစ်လာတဲ့အခြေအနေတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်၊ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ အလားအလာတွေကို တွေ့ရှိနေရတယ်ဆိုတဲ့ အချိန်အခါကို ရောက်နေပြီဖြစ်ပါတယ်။ နေရာဒေသတစ်ခုခုမှာ ဖြစ်စဉ်တွေဖြစ်လာတယ်၊ အထူးသဖြင့်တော့ ပြည်ပစွက်ဖက်မှုတွေ၊ ပြည်ပသြဇာသက်ရောက်မှုတွေ ပါလာတယ် ဆိုရင်တော့ ဒီအခြေအနေ အနေအထားတွေဟာ ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ ကမ္ဘာ့ပထဝီ ဝင်နိုင်ငံရေးအခြေအနေ၊ ကမ္ဘာ့အင်အားပြိုင်ဆိုင်မှု အခြေအနေ ဒါတွေနဲ့လည်း ကျွန်တော်တို့ ထည့်သွင်းချိန်ထိုးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုဝင်ဘာ ၂၇ ရက်က အမျိုးသားလုံခြုံရေးနှင့် ပြည်ထောင်စု၏ အနာဂတ်ဆွေးနွေးပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် လက်ရှိဖြစ်ပေါ်နေသောဖြစ်စဉ်များကို အမျိုးသားလုံခြုံရေးဆိုင်ရာရှုထောင့်မှ ဆွေးနွေးသုံးသပ် အဖြေရှာပြီး အကြံပြုတင်ပြနိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

 

မေး- ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်လာတဲ့ ဦးသောင်းထွန်းက R2P ကိစ္စပြောလာတော့ လူအတော်များများ စိတ်ဝင်တစားရှိလာတာကိုတွေ့ရပါတယ်။ အရှေ့တောင်အာရှမှာဆို သီရိလင်္ကာနဲ့ မြောက်ကိုရီးယားတို့ထက် မြန်မာပြည်က R2P နဲ့ပတ်သက်ရင် ထိပ်ဆုံးကရှိနေတယ်လို့သိရတယ်။ နိုဝင်ဘာ ၁၆ ရက်က တင်သွင်းထားပြီး ရက်ပေါင်း ၃၀ အတွင်း စောင့်ကြည့်မယ်ဆိုတော့ ဒီဇင်ဘာ ၁၆ ရက်ဆိုရင် သတ်မှတ်ကာလ ပြည့်ပြီဖြစ် ပါတယ်။ တကယ်ပဲ  RESPONSIBILITY TO PROTECT တာဝန်အရ ကာကွယ်ပေးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စွက်ဖက်လို့ရနိုင်လား။ ဘယ်လောက်အတိုင်းအတာအထိ စိုးရိမ်ရလဲ။

ဖြေ - ကာကွယ်ရန်တာဝန်ရှိမှု RESPONSIBILITY TO PROTECT ကို  R2P သို့မဟုတ် R to P လို့ လူသိများပါတယ်။ လူသားချင်းစာနာထောက်ထားမှုကိုအကြောင်းပြပြီး နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာကို နိုင်ငံအများစုမှ လက်ခံနိုင်ခြင်း မရှိတာကြောင့် R2P အယူအဆသစ်တစ်ရပ်ကို ကုလသမဂ္ဂက ဦးဆောင်ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုဖီအာနန်နဲ့ ကနေဒါအစိုးရတို့ရဲ့ ကြိုးပမ်းမှုကြောင့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့တာပါ။ အချုပ်အခြာအာဏာ (Sovereignty) နှင့် လူ့အခွင့်အရေး (Human Rights) တို့ အားပြိုင်တဲ့သဘောဖြစ်ပြီး ကုလသမဂ္ဂအတွင်း အငြင်းပွားဖွယ်ရာ ကိစ္စတစ်ရပ် ဖြစ်နေတယ်ဆိုတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိနိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးအပေါ်တာဝန်ရှိကာ “Sovereignty as Responsibility” အရ သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံအနေနဲ့ ယင်းနိုင်ငံအတွင်း နေထိုင်ကြတဲ့ ပြည်သူလူထု (Populations) ကို အကာအကွယ်မပေးလို၍ဖြစ်စေ၊ အကာအကွယ် မပေးနိုင်တဲ့အချိန်ဖြစ်စေ၊ ကာကွယ်ရန် တာဝန်သည် နိုင်ငံတကာအသိုက်အဝန်းထံ၌ ရှိသည်ဆိုတဲ့ အယူအဆအရ R to P ကို ပြဋ္ဌာန်းခဲ့တာဖြစ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ အဲဒီလိုပြဋ္ဌာန်းရာမှာ သတိပြုရန်အချက်က ပြည်သူလူထု (Populations) ဟု ခြုံငုံဆိုထားပြီး နိုင်ငံသား (Citizens) လို့ ကန့်သတ်ထားတာ မရှိဘူးလို့ တွေ့ရှိရပါတယ်။ ဒါကြောင့် ဒီအချက်ဟာ အထူးသတိထားရမယ့် အချက်ဖြစ်ပါတယ်။ R2P ကို၂၀၀၅  ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုခဲ့ပြီး UN World Summit Out come Documentရဲ့ စာပိုဒ်-၁၃၈၊ ၁၃၉  နဲ့ ၁၄၀ တို့၌ ဖော်ပြထားပါတယ်။ အဲဒီလို ဖော်ပြရာမှာ လက်ရှိအချိန်အထိ R2P ပြုလုပ်ရန် အတွက် ပြစ်မှုလေးမျိုးနဲ့ သတ်မှတ်ထားကြောင်း တွေ့ရမည်ဖြစ်ပါသည်။ အဲဒီပြစ်မှုလေးမျိုးကတော့-

(၁) လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide)

(၂) စစ်ရာဇဝတ်မှု (War Crime)

(၃) လူမျိုးစုသုတ်သင်ရှင်းလင်းမှု(Ethnic Cleansing)

(၄) လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုများ (Crimes against Humanity)

မြန်မာနိုင်ငံကို ရခိုင်ပြည်နယ်အရေးနဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုအကြောင်းပြုပြီး ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ တချို့မီဒီယာတွေက ဖိအားပေးဆောင်ရွက်မှုတွေ ရှိနေတာတွေရှိပါတယ်။ R to P ပြစ်မှု မြောက်စေသည့်အချက်တွေနဲ့ ကျုံးသွင်းပြောဆိုပြီး ဖိအားပေးနေတယ်ဆိုတာကို လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ ဘင်္ဂါလီအရေး လှုပ်ရှားသူတွေကလည်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို R to P အရ အရေးယူနိုင်ရေးအတွက် သူတို့ရဲ့ အဆက်အသွယ်တွေနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတာကိုတွေ့ရပါတယ်။

R2P မှာ ဥပဒေအရ ချုပ်နှောင်မှုမရှိသလို လက်တွေ့ဘယ်လိုကျင့်သုံးမယ်ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာလည်း သဘောတူညီမှုမရှိသေးပါ။ ဒီအတွက်ကြောင့် သူတို့ဝင်ချင်ရင် အချိန်မရွေး အကြောင်းပြချက်မျိုးစုံပြပြီး မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ခိုက်ထိပါး စော်ကားခွင့်ရှိနေပြန်ပါတယ်။ ဒါက အသေအချာစဉ်းစားပြီး ဆန့်ကျင်ကာကွယ်ရမယ့်အချက်ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံကို လူမျိုးတစ်မျိုးလုံးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (Genocide)၊ စစ်ရာဇဝတ်မှုကျူးလွန်မှု (War Crime)၊ လူမျိုးသုဉ်းသတ်ဖြတ်မှု (Ethnic Cleansing)၊ လူသားဖြစ်တည်မှုကိုဆန့်ကျင်မှု (Crimes against Humanity) အစရှိတဲ့ စွဲချက်တွေနဲ့ အန္တရာယ်အရှိဆုံး တိုင်းပြည်အဖြစ် အနီရောင်အဆင့် သတ်မှတ်ထားတယ်။

 

မေး - နောက်တစ်ခုက ၁၉၈၂ နိုင်ငံသားဥပဒေကိစ္စပေါ့။ ကိုဖီအာနန်က ပြောခဲ့ပါတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေကို နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ပြင်ဆင်သင့်တယ်ဆိုတာ ဘာကြောင့်ပြောတယ်လို့ထင်လဲ။

ဖြေ - မြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေကိုမပြောခင် နိုင်ငံတကာစံချိန်စံညွှန်းမီတဲ့ ဥပဒေဆိုတာ ဘယ်လိုဥပဒေမျိုးလဲဆိုတာ ကိုဖီအာနန်ကိုပြန်မေးရမယ်။ အခြားအခြားသောနိုင်ငံတွေမှာရှိတဲ့ နိုင်ငံသားဥပဒေတွေဟာလည်း နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ပြဋ္ဌာန်းထားတာလား။ နိုင်ငံတိုင်းဟာ မိမိနိုင်ငံနဲ့ သင့်တော်မယ့် နိုင်ငံသားဖြစ်မှုဥပဒေတွေကို ပြဋ္ဌာန်းထားကြတာချည်းပါပဲ။နိုင်ငံတကာ စံချိန်စံညွှန်း ဆိုတာ ဘယ်လိုသတ်မှတ်ထားတာပါလဲ။ တကယ်လို့များ အမေရိကန်နိုင်ငံက နိုင်ငံသားဥပဒေဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ မမီလို့ဆိုပြီး ပြင်ခိုင်းမယ်၊ အမေရိကန်နိုင်ငံသား ဥပဒေဟာ အမေရိကန်နယ်စပ်တစ် လျှောက်ကဝင်လာမယ့် အခြားနိုင်ငံသားတွေအတွက် နိုင်ငံတကာစံချိန်နဲ့မကိုက်လို့ ပြင်ခိုင်းပေမဲ့ အဲဒီဥပဒေဟာ အမေရိကန် နိုင်ငံသားတွေအတွက် စံချိန်ညီတယ် လိုက်နာနိုင်တယ်၊ အမေရိကန်နိုင်ငံသားဖြစ်မှုကို အကာအကွယ်ပေးထားတယ်ဆိုရင် အဲဒီနိုင်ငံသားဥပဒေကို အမေရိကန်ပြည်သူလူထုနဲ့ တရားစီရင်ရေးက အလွယ်တကူပြင်ပေးမလားဆိုတာ ပြန်စဉ်းစားရပါမယ်။ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေက အများကြီး ပျော့ပျောင်းတယ်လို့မြင်ပါတယ်။ နိုင်ငံသားအဖြစ် ခံယူမယ်ဆိုရင် တိုင်းရင်းသားဘာသာစကား တစ်ခုတတ်ကျွမ်းရမယ်လို့ပါပေမဲ့ မည်သည့် စာမေးပွဲစနစ်ဖြင့် စစ်ဆေးမယ်ဆိုတာမပါဘူး။ အခြားနိုင်ငံတွေမှာ နိုင်ငံသားဖြစ်ဖို့ဆိုရင် ဖြေရမယ့်စာမေးပွဲတွေရှိပါတယ်။  မြန်မာနိုင်ငံသားဥပဒေဟာ မြန်မာနိုင်ငံသားတွေ နဲ့ကိုက်ညီနေပေမဲ့ တခြားခိုးဝင်လာမယ့်လူတွေနဲ့ မကိုက်ညီလို့ ပြင်ခိုင်းမယ်ဆိုတရားပါသလား။ မြန်မာနိုင်ငံသားဥပဒေမှာ တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားလာတာမဟုတ်ဘဲ နိုင်ငံသားခံယူချင်တယ်ဆိုရင် မည်သို့စိစစ်ပြီး နိုင်ငံသားအဖြစ် လျှောက်ထားနိုင်တယ်ဆိုတာပါပြီးသားပါ။ အဲဒီအတိုင်းစိစစ်ပြီး သေချာတယ်ဆို မြန်မာနိုင်ငံသားဖြစ်မှာပါ။ကိုယ့်နိုင်ငံရဲ့ တရားဝင်အတည်ပြုထားတဲ့ ဥပဒေကို ပြုပြင်ခွင့်၊ ပြင်ဆင်ခွင့်ဆိုတာ ကိုယ့်နိုင်ငံက တရားဥပဒေပြုရေးနဲ့ လွှတ်တော်က လုပ်ရမယ့်ကိစ္စပါ။ ကိုယ့်နိုင်ငံ ဥပဒေဟာ တရားမဝင် ဝင်လာသူတွေအတွက် အဆင်မပြေလို့ဆိုပြီး အခြားဘယ်နိုင်ငံကမှ ပြုပြင်ဖို့ဖိအားပေးဖို့အကြောင်း မရှိပါဘူး။

 

မေး - ကျွန်တော်တို့လည်း ဘူးသီးတောင်၊ မောင်တော အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မျက်ခြည်မပျက် ထဲထဲဝင်ဝင်သတင်းယူခဲ့ပါတယ်။ အဲဒီမှာ ဘာတွေရလဲဆိုတော့ ဒီ ARSA အဖွဲ့မှာ ဒေသခံ ဘင်္ဂါလီတွေအပြင် ပါကစ္စတန်တို့၊ အရှေ့အလယ်ပိုင်းတို့ကလို အကြမ်းဖက်သမားတွေ စိမ့်ဝင်နေပြီး သူတို့က ဦးဆောင်မှုပေးတဲ့ အနေအထားဖြစ်နေတယ်။ တစ်ဖက်မှာလည်း နိုင်ငံတကာရဲ့ ဖိအားကလည်း ရှိနေတယ်ဆို တော့ အစိုးရနဲ့ တပ်မတော်မှာလည်း လုပ်ရကိုင်ရခက်တဲ့ အနေအထားဖြစ်နေတယ်။ ဒီလိုအခြေအနေတွက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရေရှည်မှာ ပိုမိုအားကောင်းလာနိုင်တဲ့ သဘောဖြစ်နေမလား။

ဖြေ - အရှေ့အလယ်ပိုင်းမှာ ISIS တို့ရဲ့ မြို့တော် ရက်ကာကျဆုံးပြီး ဒီအဖွဲ့က တဖြည်းဖြည်း စတင်ပြိုကွဲနေတာ မြင်ရပါတယ်။ အဲဒီအတွက် နိုင်ငံတကာက သွားရောက်တိုက်ခိုက်နေကြတဲ့ အကြမ်းဖက်သမားတွေက မူရင်းနေရပ်ဒေသတွေကို ပြန်လာနေကြတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံအတွက်သာမက ဒေသတွင်းလုံခြုံရေးအတွက်ပါ စိုးရိမ်စရာအချက် ဖြစ်နေတယ်။ နောက်တစ်ချက်က ISIS တွေဟာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ခြေကုပ်နယ်မြေသစ်တွေကို အာဖရိကတိုက်၊ ဥရောပအရှေ့ပိုင်းနဲ့ အာရှဒေသက ဆင်းရဲတဲ့ နိုင်ငံတွေမှာ ရှာထားပြီး ဖြစ်နေတယ်။

ကျွန်တော်တို့ နိုင်ငံသမိုင်းကို ပြန်ကြည့်ရင်လည်း ၁၉၉၄ ခုနှစ်လောက်က အင်ဒိုနီးရှားအခြေစိုက် JI အဖွဲ့ဟာ PSO တွေနဲ့ ပေါင်းပြီး ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လေ့ကျင့်ရေးကျောင်း တည်ထောင်ဖို့ကြိုးစားခဲ့ဘူးပါတယ်။ ရခိုင်ဒေသရဲ့ ရေမြေတောတောင်ထူထပ်မှုကြောင့် တည်ထောင်နိုင်ခြင်းမရှိတော့ဘဲ ဖိလစ်ပိုင်းနိုင်ငံတောင်ပိုင်းကို ရွှေ့ပြောင်း အခြေစိုက်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ဖိလစ်ပိုင်းနိုင်ငံတောင်ပိုင်းကို ရွှေ့ပြောင်းအခြေစိုက်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

လက်ရှိ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုက ARSA လို့ခေါ်တဲ့ Arakan Rohingya Salvation Army ဖြစ်ပါတယ်။ ဒီအဖွဲ့ကို သူတို့ အခွင့်အရေးရဖို့ သက်သက် တောင်းဆိုတိုက်ပွဲဝင်နေတဲ့ သာမန်အဖွဲ့ သက်သက်အဖြစ် သတ်မှတ်လို့ မရပါဘူး။ ၂၀၁၆ ဖြစ်စဉ်နဲ့ ၂၀၁၇ သြဂုတ်လဖြစ်စဉ်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒီအဖွဲ့ဟာ ပိုမိုစနစ်ကျစွာ စုဖွဲ့လာတယ်။ စနစ်တကျ ကွပ်ကဲ တိုက်ပွဲဝင်လာတယ်။ စစ်နည်းဗျူဟာတွေကို စနစ်ကျစွာ အသုံးပြုလာတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လက်လုပ်ဗုံးလုပ်တဲ့ နည်းပညာတွေလည်း ပိုမိုကောင်းမွန်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါအပြင် မေယုတောင်ကြောပေါ်မှာ လိုဏ်ခေါင်းတူးပြီး လေ့ကျင့်ရေးစခန်း တည်ဆောက်ထားတာကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ ၂၀၁၇ သြဂုတ်လ ဖြစ်စဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ ပါကစ္စတန်တပ်မတော် ထောက်လှမ်းရေး (ISI) ၊ ဆီရီးယားမှာရှိတဲ့ ISIS ခေါင်းဆောင်တွေနဲ့ အာဆာအဖွဲ့တို့ တယ်လီဖုန်းဆက်သွယ် ပြောဆိုခဲ့တာကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအဖွဲ့တွေ ကြားဖြတ် ဖမ်းယူရမိခဲ့တာတွေ ရှိပါတယ်။ ဒါတွေကို ကြည့်ခြင်းဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့လုံခြုံရေးကို ပြည်ပကပါ ခြိမ်းခြောက်လာတာဖြစ်ကြောင်း သုံးသပ်မိပါတယ်။

အခုလောလောဆယ်မှာ ARSA ဟာ ငြိမ်နေပေမယ့် တစ်ချိန်မှာ နောက်က ကြိုးကိုင်သူတွေ အမိန့်ပေးလိုက်တာနဲ့ ဒီနာမည်နဲ့ပဲ ဖြစ်စေ၊ နာမည်အသစ်ခံယူပြီးပဲဖြစ်စေ ပြန်လည် ခေါင်းထောင်လာဦးမှာ ဖြစ်ပါတယ်။

 

မေး - အခုဆိုရင် အစိုးရအနေနဲ့ ပြန်လည်နေရာချထားရေး ကိစ္စတွေ ပြန်လည်ထူထောင်ရေးကိစ္စတွေကို  ဆောင်ရွက်နေပေမယ့် ဘင်္ဂါလီတွေက တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာနေကြဆဲဖြစ်တာ တွေ့ရတယ်။ အကြမ်းဖက်မှုနောက်ပိုင်း နေစရာစားစရာနဲ့အလုပ်အကိုင်ရှားပါးလို့ အခုလို ထွက်ခွာနေကြတာလို့ ပြောကြတယ်။ ဒါပေမဲ့ နိုင်ငံတကာရဲ့ အမြင်မှာကျတော့ တစ်မျိုးဖြစ်သွားမယ်လို့ ထင်တယ်။ ဒီအခြေအနေတွေ ကို ဘယ်လိုကိုင်တွယ်သင့်တယ်လို့ မြင်လဲ။

ဖြေ - လက်ရှိအခြေအနေကို ကိုင်တွယ်ဖို့ မဟာဗျူဟာ (Comprehensive Strategy) တစ်ခု ချမှတ်ဖို့တော့ လိုအပ်ပါတယ်။ ကိုဖီအာနန်အစီရင်ခံတစ်ခုတည်းကိုတော့ Road Map အဖြစ် ယူရမယ်လို့တော့ မထင်ပါဘူး။ ယခင် ပထမ ရခိုင်ကော်မရှင်ရဲ့ အစီရင်ခံစာလည်း ရှိပါတယ်။ ကောင်းတဲ့အချက်တွေ သင့်တော်တဲ့ အချက်တွေကို ထုတ်နုတ်ပြီး မဟာဗျူဟာတစ်ခု ရေးဆွဲသင့်တယ်လို့ မြင်ပါတယ်။ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်လက်ခံရမယ်။ နေရာချထားပေးတာ လုပ်ပေးရပါမယ်။ လက်ရှိ လုပ်ပေးနေတာတွေလည်း ရှိပါတယ်။ သို့သော်လည်း ဒေသခံ တိုင်းရင်းသားတွေဖြစ်တဲ့ ရခိုင်၊ မြိုနဲ့ ဟိန္ဒူဘာ သာဝင်တွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ပြန်ဝင်လာကြတဲ့ သူတွေထဲမှာ အေးအေးချမ်းချမ်းနေချင်တဲ့ သူတွေပါမှာဖြစ်သလို အကြမ်းဖက်လုပ်ရပ်တွေလုပ်မယ့် အကြမ်းဖက်သမားတွေလည်း ပြန်ဝင်လာမှာပဲ ဖြစ်ပါတယ်။ ဒေသတွင်းမှာ နေထိုင်မယ့်သူတွေ ပြန်လည်ထူ ထောင်ဖို့ စီးပွားရေး တိုးတက်အောင်လုပ်ဖို့ဆို တာလည်း လုံခြုံရေးအာမခံချက်ပေးနိုင်မှ ဖြစ်မှာပါ။ ဒါကြောင့် ဘက်ပေါင်းစုံစဉ်းစားပြီး ရေတိုအတွက်မဟုတ်ဘဲ ရေရှည်အတွက် မဟာဗျူဟာ (Comprehensive Strategy) တစ်ခု ရေးဆွဲဖို့ လိုအပ်တယ်လို့ပဲ မြင်ပါတယ်။

 

မေး - ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာဆိုရင် လူ့အဖွဲ့အစည်း နှစ်ခုအကြားက ပဋိပက္ခပုံစံမျိုးမဟုတ်ဘဲ နယ်မြေလုယူလိုတဲ့ အခြေအနေဖြစ်လာတယ်။ အကြမ်းဖက်မှုအပြင် ရိုဟင်ဂျာဆိုတဲ့ အမည်တစ်ခုနဲ့ ဘင်္ဂါလီတွေကို နိုင်ငံရေးအရ သွေးထိုးလှုံ့ဆော်မှုတွေကလည်း ရှိနေတယ်။ တစ်ဖက်မှာလည်း ပြည်နယ်အသီးသီးမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိနေတယ်။ ငြိမ်းချမ်းရေးကလည်း ထင်သလောက် ခရီးမပေါက်ဖြစ်နေတယ်။ ဒီအပေါ်မှာ ပြည်ထောင်စုရဲ့ အနာဂတ်အတွက် စိုးရိမ်ရတဲ့ အနေအထားဖြစ်နေမလား။

ဖြေ - အခုဆိုရင် နိုင်ငံတကာကလည်း ရခိုင်ကိစ္စကို အကြောင်းပြုပြီး ကျွန်တော်တို့ နိုင်ငံကို ဖိအားပေးနေပါတယ်။ အကြမ်းဖက်မှုက ရခိုင်မြောက်ပိုင်းမှာပဲ ကျွန်တော်တို့က အာရုံစူးစိုက်နေသော်ငြားလည်း အကြမ်းဖက်မှုလုပ်နိုင်တဲ့ အဖွဲ့အစည်းတွေဟာ မြန်မာတစ်နိုင်ငံလုံးအနှံ့မှာ ရှိပြီးသားဖြစ်ပါတယ်။ နယ်စပ်တွေမှာလည်းပဲ ရှိပြီးသားဖြစ်ပါတယ်။ ဒီနယ်စပ်တွေမှာ လက်နက်တွေကို လိုသလို အလွယ်တကူရနိုင်တဲ့ နေရာတွေလည်းပဲ အများကြီးရှိပါတယ်။ ဒါတွေဟာ အချိန်ကျလာလို့ရှိရင် တစ်တိုင်းပြည်လုံးအနှံ့မှာ မဖောက်ခွဲဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့်လည်း ဒါကို အထူးသတိထားဖို့၊ ကြိုတင်ပြီးတော့ စောင့်ကြည့်ထားပြီးတော့ ကာကွယ်ထားဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးကလည်း ထင်သလောက် ခရီးမပေါက်သေးဘူးလို့ သုံးသပ်နေကြတာရှိပါတယ်။ ဒါပေမဲ့ အတိုင်းအတာတစ်ခုအထိတော့ ရောက်လာပြီလို့ မြင်ပါတယ်။

ဒါတွေအားလုံးကို စုပေါင်းပြီး ကြည့်မယ်ဆိုရင်တော့ စိုးရိမ်စရာအနေအထား တစ်ခုအဖြစ် မြင်လို့ရပါတယ်။ ဒီလိုအခြေအနေမျိုးတွေကြောင့် အရေးအခင်းတစ်ခုခု ဖြစ်လာမှ ထလုပ်တာမျိုးမဟုတ်ဘဲ စနစ်တကျ တုံ့ပြန်နိုင်ဖို့အတွက် အမျိုးသားလုံခြုံရေးမူဝါဒ (National Security Policy) တစ်ရပ်ချ မှတ်ဖို့ လိုအပ်ပါတယ်။ အစိုးရက ဦးဆောင်ပြီး ပညာရှင်အားလုံးပါဝင်မယ့် All Inclusive Approach နဲ့ ရေးဆွဲသင့်တယ်လို့ သုံးသပ်မိပါတယ်။

 

မေး - နောက်ဆုံးအနေနဲ့ အမျိုးသားလုံခြုံရေး၊  ပြည်ထောင်စုအနာဂတ်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဖြည့် စွက်ပြောကြားလိုတာ ဘာများရှိပါလဲ။

အမျိုးသားလုံခြုံရေး ခြိမ်းခြောက်ခံတဲ့ အန္တရာယ်ကို ပြည်သူတွေဒီထက်ပိုပြီးကျယ် ကျယ်ပြန့်ပြန့်သိဖို့ လိုအပ်ပါတယ်။ လုံခြုံရေးကဏ္ဍတွေမှာ အားလုံးက တာဝန်သိစွာ ပူးပေါင်းကူညီဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့လည်း လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့အချုပ် အခြာအာဏာပိုင် အစိုးရပီသစွာ နိုင်ငံတကာက အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေကို စနစ် တကျ တွန်းလှန်ဖို့လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုတွေကို နှစ်သိမ့်ပေးနိုင်မယ့် အနေအထားမျိုးလုံခြုံရေးဆိုင်ရာ အာမခံချက်ပေးနိုင်မယ့် အနေအထားမျိုးကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောကြားလိုပါတယ်။

Most Read

Most Recent