ခါတွန်ဆွေးနွေးပွဲတွင် တောင်ဆူဒန်မှ ရန်ဘက်များ သဘောတူညီမှုအချို့ ရရှိခဲ့

ခါတွန်ဆွေးနွေးပွဲတွင် တောင်ဆူဒန်မှ ရန်ဘက်များ သဘောတူညီမှုအချို့ ရရှိခဲ့
Published 28 June 2018

ဇွန် ၂၁ ရက်က အဒစ်အဘာဘာတွင် ဆွေးနွေးပွဲ၌ တောင်ဆူဒန်သမ္မတ ကီယာ (လယ်) နှင့် အတိုက်အခံခေါင်းဆောင် မာချာ (ယာ) ကို တွေ့ရစဉ် (Photo: AP)

တောင်ဆူဒန်သမ္မတ ဆယ်ဗာကီယာနှင့် ၎င်း၏ ခါးသီးသောရန်သူ ရိခ်မာချာတို့သည် ခါတွန် (ဆူဒန်နိုင်ငံ၏ မြို့တော်) တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ၌ အတိုင်းအတာတစ်ခုအထိ သဘောတူညီမှုရှိခဲ့ပြီး သဘောတူညီချက်တစ်ခု၌လည်း လက်မှတ်ရေးထိုးကြလိမ့်မည်ဟု ဆူဒန်အစိုးရအရာရှိများက ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ခါတွန်ရှိ သမ္မတနန်းတော်တွင် ဇွန် ၂၇ ရက်၌ သဘောတူညီမှုတစ်ခုတွင် လက်မှတ်ရေးထိုးကြလိမ့်မည်ဟု ဆူဒန်အစိုးရအရာရှိများက ပြောကြားခဲ့သော်လည်း အသေးစိတ် အကြောင်းအရာများ မပါဝင်ပေ။ မာချာတို့ဘက်မှ ပြောကြားချက်အရ အတိုက်အခံတို့သည် အခြေခံမူဘောင် သဘောတူညီမှုတစ်ခု ရရှိရန်အတွက် အချိန်ပိုမို လိုအပ်နေသည်ဟု သိရသည်။

ကမ္ဘာ့သက်တမ်းအနုဆုံးနိုင်ငံ တောင်ဆူဒန်ထဲမှ ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားနေမှုကို အဆုံးသတ်ရန် အရှေ့အာဖရိကမှခေါင်းဆောင်များက တိုးမြှင့်ကြိုးပမ်းလာကြသည်။ ထိုစဉ် ဇွန် ၂၅ ရက်တွင် ဆူဒန်သမ္မတအိုမာအယ်ဘာရှားက ဦးစီးကျင်းပသည့် ကီယာ-မာချာဆွေးနွေးပွဲ တစ်ခုကို ထပ်မံကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

“သမ္မတဆယ်ဗာကီယာနဲ့ ဒေါက်တာရိခ်မာချာတို့ဟာ သမ္မတဘာရှားနဲ့ တံခါးပိတ် အစည်းအဝေးပြုလုပ်ပြီးနောက် ကိစ္စအချို့မှာ သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်” ဟု ဆူဒန်နိုင်ငံခြားရေးဝန်ကြီး အယ်ဒီယာ ဒိုရိုင်အာမတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ကီယာနှင့် မာချာတို့၏ သဘောတူ လက်မှတ်ရေးထိုးမှုကို အသိသက်သေအဖြစ် လာရောက်ရန် ဂျာနယ်လစ်များကိုလည်း ဆူဒန်ပြန်ကြားရေးကောင်စီက ဖိတ်ခေါ်ထားသည်။

မာချာ၏ပြောခွင့်ရပုဂ္ဂိုလ်ကမူ နှစ်ဘက်ကြားမှ ဆွေးနွေးမှုများမှာ လုပ်ဆောင်နေဆဲ အဆင့်တွင်သာရှိသေးသည်ဟု ပြောခဲ့သည်။ “ဆူဒန်အစိုးရကတော့ နှစ်ဘက်စလုံးကို မနက်ဖြန်ကျရင် အခြေခံမူဘောင် သဘောတူညီမှုမှာ လက်မှတ်ထိုးဖို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ခေါင်းဆောင် ဒေါက်တာရိခ်မာချာကတော့ တောင်ဆူဒန် အတိုက်အခံ အင်အားစုတွေအားလုံးနဲ့ မြေပြင်မှာရှိတဲ့ ၎င်းရဲ့ လူတွေကို ရှင်းလင်းပြောပြဖို့ အချိန် ၄၈ နာရီ ထပ်တောင်းထားပါတယ်” ဟု မာချာ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“အခြေခံမူဘောင်မှာ လက်မှတ်ရေးထိုးတာကတော့ စေ့စပ်ဆွေးနွေးမှုတွေ ဘယ်လိုတိုးတက်မှုရှိသလဲအပေါ်မှာ မူတည်ပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်ကလည်း အီသီယိုးပီးယားမြို့တော် အဒစ်အဘာဘာတွင် ကီယာနှင့် မာချာတို့ တွေ့ဆုံကြသေးသည်။ တောင်ဆူဒန်ထဲမှ စစ်ဖြစ်နေသည့် ထိုနှစ်ဘက်စလုံးသည် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရရန် နီးကပ်လာစဉ် ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

၂၀၁၅ ခုနှစ်က ငြိမ်းချမ်းရေး သဘောတူညီချက်သည် ၂၀၁၆ ခုနှစ် ဇူလိုင်က ပျက်စီးခဲ့ပြီးနောက် မာချာသည် တောင်ဆူဒန်ထဲမှ ထွက်ပြေးခဲ့ရသည်။ လက်ရှိတွင် ကီယာ၏ အစိုးရအဖွဲ့သည် မြေပြင်တွင် စစ်ရေးအရ အသာရရှိနေပြီး အတိုက်အခံ မာချာအုပ်စုမှာမူ မရေမတွက်နိုင်လောက်အောင် အဖွဲ့ခွဲများအဖြစ် အစိတ်စိတ်အမွှာမွှာ ကွဲလျက်ရှိသည်။ ကုန်းတွင်းပိတ်နိုင်ငံ တောင်ဆူဒန်သည် ၂၀၁၁ ခုနှစ်ကမှ ဆူဒန်နိုင်ငံမှ လွတ်လပ်ရေးရပြီး ခွဲထွက်လာခြင်းဖြစ်သည်။

Ref: AFP

Most Read

Most Recent