အရပ်သားများ အစုပြုံလိုက် ထွက်ပြေးနေရစဉ် ဆီးရီးယားစစ်တပ်က နိုင်ငံတောင်ပိုင်းရှိ ဒါရာမြို့ကို ထိုးစစ်ဆင်

အရပ်သားများ အစုပြုံလိုက် ထွက်ပြေးနေရစဉ် ဆီးရီးယားစစ်တပ်က နိုင်ငံတောင်ပိုင်းရှိ ဒါရာမြို့ကို ထိုးစစ်ဆင်
Published 28 June 2018

ဇွန် ၂၆ ရက်က ဒါရာမြို့တွင် ဆီးရီးယားအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးလုံးများ ထွက်ပေါ်နေစဉ် (Photo: AFP)

ဆီးရီးယားအစိုးရတပ်များ၏ သီတင်းပတ် တစ်ပတ်ကျော်ကြာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားများ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ကြရပြီးနောက် ဆီးရီးယား စစ်တပ်သည် နိုင်ငံတောင်ပိုင်းရှိ ဒါရာမြို့ကို ဇွန် ၂၇ ရက်တွင် ထိုးစစ်ဆင်နွှဲခဲ့ကြောင်း အစိုးရမီဒီယာက ထုတ်ပြန်ခဲ့သည်။

ဂျော်ဒန်၊ အစ္စရေးက သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်တို့နှင့် နယ်နိမိတ်ထိစပ်နေသော မဟာဗျူဟာမြောက်ဒေသဖြစ်သည့် ဒါရာမြို့ကို ပြန်လည်သိမ်းယူရန် ဆီးရီးယားအစိုးရတပ်များက ရည်မှန်းနေသည်။

ပြီးခဲ့သော သီတင်းပတ်တွင် သူပုန်များအား အစိုးရတပ်များ၏ ထိုးစစ်ဆင်နွှဲမှု အရှိန်မြင့်တက်လာမှုသည် ဆီးရီးယားစစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းဆုံးရှုံးခဲ့ရသော နယ်မြေများအား အစိုးရတပ်များက ပြန်လည်သိမ်းယူနိုင်ရန် ရုရှားကျောထောက်နောက်ခံပြု စစ်ဆင်ရေးများအနက် နောက်ဆုံးတစ်ခုဖြစ်လာသည်။

ပြီးခဲ့သော သီတင်းပတ်တွင် ဆီးရီးယား အစိုးရတပ်များသည် ဒါရာပြည်နယ်၏ ကျေးလက်ဒေသများကို ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့ရာ လူ ၄၅၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ဆီးရီးယားစစ်တပ်က ထိုပြည်နယ်၏ မြို့တော်ကို ထိုးစစ်ဆင်နွှဲကြောင်း အစိုးရမီဒီယာက ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုထိုးစစ်သည် ဆီးရီးယား ပြည်တွင်းစစ် စတင်ခဲ့ပြီးနောက်ပိုင်း ဒါရာမြို့အတွင်း၌ အစိုးရမြေပြင်တပ်များ၏ ပထမဆုံး ထိုးစစ်ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဒါရာမြို့၏ထက်ဝက်ကို သူပုန်အဖွဲ့များက ထိန်းချုပ်ထားကြပြီး ကျန်ထက်ဝက်ကို အစိုးရသစ္စာခံတပ်များက ထိန်းချုပ်ထားကြသည်။

ဒါရာမြို့ရှိ သူပုန်ထိန်းချုပ်နေရာများကို ရုရှားနှင့် ဆီးရီးယားတို့က လေကြောင်းတိုက်ခိုက်မှုများအပြင် စည်ပိုင်းဗုံးများဖြင့် ကြဲချခဲ့ကြကြောင်း ဗြိတိန်အခြေစိုက် ထိုစောင့်ကြည့်အဖွဲ့ခေါင်းဆောင် ရာမီအဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။ ဒါရာမြို့နှင့် ဂျော်ဒန်နယ်စပ်အကြား လမ်းကြောင်းကို ဖြတ်တောက်ရန်အပြင် သူပုန်ထိန်းချုပ်ထားသည့်ဒေသများကို ထပ်မံခွဲထုတ်ရန်အတွက် ဒါရာတောင်ဘက်ရှိ စစ်စခန်းတစ်ခုကို ထိန်းချုပ်နိုင်ရန် ဆီးရီးယားစစ်တပ်က ကြိုးပမ်းနေသည်။ ဇွန် ၂၆ ရက် ညသန်းခေါင်တွင် အစိုးရတပ်များက ဒါရာပြည်နယ်အရှေ့ဘက်ရှိ ရွာနှစ်ရွာကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သော သီတင်းပတ်တွင် ဒါရာ၌ အစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သေဆုံးသူ အရပ်သား ၃၈ ဦးအထိ ရှိလာခဲ့သည်။ ထို့ပြင် အပြန်အလှန် တိုက်ခိုက်မှုများတွင် သူပုန် ၂၉ ဦးနှင့် အစိုးရဘက်တော်သား ၂၄ ဦးတို့လည်း သေဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုများသည် ဒါရာပြည်နယ်ရှိ သူပုန်များ ထိန်းချုပ်ထားသော ဒေသများတွင် နေထိုင်နေသူ ၇၅၀၀၀၀ ကို ထိခိုက်စေနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားပြီဖြစ်သည်။

Ref: AFP

Most Read

Most Recent