တောင်တရုတ်ပင်လယ်ကို စောင့်ကြည်ရန် သြစတြေးလျက နည်းပညာမြင့် မောင်းသူမဲ့လေယာဉ်များကို ဝယ်ယူ

တောင်တရုတ်ပင်လယ်ကို စောင့်ကြည်ရန် သြစတြေးလျက နည်းပညာမြင့် မောင်းသူမဲ့လေယာဉ်များကို ဝယ်ယူ
Published 27 June 2018

ဇွန် ၂၆ ရက်က ကင်ဘာရာတွင် မောင်းသူမဲ့လေယာဉ် MQ-4C Triton ပုံစံတူ တစ်စင်းကို တွေ့ရစဉ် (Photo – AFP)

သြစတြေးလျသည် တောင်တရုတ်ပင်လယ် အပါအဝင် ရေပိုင်နက်များကိုစောင့်ကြည့်ရေးနှင့် ပူးတွဲစစ်ဆင်ရေးတို့အတွက် နည်းပညာမြင့် အမေရိကန်မောင်းသူမဲ့ လေယာဉ်များကို ဝယ်ယူရန်အတွက် သြစတြေးလျ ဒေါ်လာ ၇ ဘီလျံ (ဒေါ်လာ ၅ ဒသမ ၂ ဘီ လျံ) ရင်းနှီးမြှုပ်နှံမည်ဟု ဇွန် ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။

သြစတြေးလျသည် ၎င်း၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် ရေငုပ်သင်္ဘောသစ်များ၊ ကမ်းလွန်ရေနံတင်သင်္ဘောများ အပါအဝင် ကြီးမားလှသော သင်္ဘောတည်ဆောက်ရေး နည်းပညာမှတစ်ဆင့် စစ်ပြီးနောက်ပိုင်း ၎င်း၏ အကြီးမားဆုံးရေတပ် ရင်းနှီးမြှုပ်နှံမှုများကို စတင်နေသည်။       ယင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေနှင့် အစိုးရသည် သြစတြေးလျဒေါ်လာ ၁ ဒသမ ၄ ဘီလျံဖြင့် MQ-4C Triton ရေပြင်ထောက်လှမ်းရေးမောင်းသူမဲ့ လေယာဉ်ခြောက်စင်းကို ဝယ်ယူမည်ဖြစ်သည်။ ၂၀၂၃ နှစ်လယ်တွင် စတင်တာဝန်ထမ်းဆောင်မည့် ယင်းလေယာဉ်သစ်များသည် လက်ရှိအသုံးပြုနေသော P -8 A Poseidon လေယာဉ်ခုနစ်စင်းကို ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။

“ဒီလေယာဉ်တွေဟာ ကျွန်တော်တို့ရဲ့ ရေငုပ်သင်္ဘောဖျက် စစ်အသုံးအဆောင်တွေ၊ ရေတပ်ပစ်ခတ်ရေးစွမ်းရည်တွေကို သိသိသာသာ တိုးတက်စေနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးနဲ့ကယ်ဆယ်ရေး စွမ်းရည်တွေကို မြင့်တက်လာစေနိုင်မှာ ဖြစ်ပါတယ်” ဝန်ကြီးချုပ် မယ်ကွန်တန်ဘူးက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“ဒီရင်းနှီးမြှုပ်နှံမှုဟာ ကျွန်တော်တို့ရဲ့ နယ်စပ်တွေကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျွန်တော်တို့ ဒေသကို ပိုပြီးလုံခြုံစေမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။

အမြင့်ပေများစွာ၌ ပျံသန်းနိုင်ကာခံနိုင်ရည်မြင့်မားသည့် MQ-4C Triton မောင်းသူမဲ့လေယာဉ်များသည် ၂၄ နာရီ ကျော်ကြာအောင် မစ်ရှင်များကို ထောက်ပံ့နိုင်ပြီး ယင်း၏ ရေမိုင် ၂၀၀၀ ဝန်းကျင်ပတ်လည်သို့ ၃၆၀ ဒီဂရီကြည့်နိုင်မည် ဖြစ်သည်။ ယခု မောင်းသူမဲ့လေယာဉ်များကို AP – 3 C Orion သူလျှိုလေယာဉ်များ၏ နေရာတွင် အစားထိုး အသုံးပြုမည် ဖြစ်သည်။ “ဒီလေယာဉ်တွေဟာ စောင့်ကြည့်ထောက်လှမ်းရေးပိုင်းမှာ  ကျွန်တော်တို့အတွက် စွမ်းဆောင်ရည် အများအပြားရရှိစေမှာ ဖြစ်ပါတယ်” ဟု ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး ခရစ်စတိုဖာပိုင်က ပြောကြားခဲ့သည်။ စုစုပေါင်းအပြီးအစီး ကုန်ကျစရိတ်မှာ သြစတြေးလျ ဒေါ်လာ ၇ ဘီလျံရှိလိမ့်မည် ဖြစ်သည်။

ယင်းမောင်းသူမဲ့လေယာဉ်များကို အသုံးပြုပြီး သြစတြေးလျရေပိုင်နက်ထဲသို့  အခြားနိုင်ငံများ၏ ရေတပ်သင်္ဘောများ၊ လူမှောင်ခိုသင်္ဘောများ၊ တရားမဝင်ငါးခိုးဖမ်းမှုများ အစရှိသည်တို့ကို စောင့်ကြည့်မည် ဖြစ်သည်။ ထို့ပြင် တောင်တရုတ်ပင်လယ်ထဲသို့ သြစတြေးလျ၏ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ရာတွင်လည်း ယင်းလေယာဉ်များကို အသုံးပြုသွားမည်ဟု သိရသည်။ “အခြားနိုင်ငံတကာ ရေပိုင်နက်တွေကို သွားနေသလို တောင်တရုတ် ပင်လယ်ထဲကိုလည်း လေယာဉ်နဲ့ဖြစ်စေ၊ သင်္ဘောနဲ့ဖြစ်စေ သွားခွင့်ရှိတယ်လို့ သြစတြေးလျက အခိုင်အမာယူဆပါတယ်” ဟု စက်မှုလုပ်ငန်းဝန်ကြီးက ဆိုသည်။

လက်ရှိတွင် သြစတြေးလျရေတပ်သည် အမေရိကန်အပါအဝင် ပြည်ပနိုင်ငံများနှင့် တောင်တရုတ်ပင်လယ်ထဲတွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေသည်။

Ref; AFP

Most Read

Most Recent