ထိုင်ဝမ်အနီးရေပြင်တွင် တရုတ်စစ်သင်္ဘောများက နေ့စဉ် စစ်ရေးလေ့ကျင့်မှု တစ်ပတ်ကျော်ကြာ ပြုလုပ်

ထိုင်ဝမ်အနီးရေပြင်တွင် တရုတ်စစ်သင်္ဘောများက နေ့စဉ် စစ်ရေးလေ့ကျင့်မှု တစ်ပတ်ကျော်ကြာ ပြုလုပ်
Published 27 June 2018

ဧပြီ ၁၂ ရက်က တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှု၌ တရုတ်လေယာဉ်တင်သင်္ဘော လျောင်နင်းနှင့် အခြားစစ်သင်္ဘောများကို တွေ့ရစဉ် (Photo - AP)

ပေကျင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းစုတို့အကြား တင်းမာမှုမြင့်တက်နေချိန်တွင် တရုတ်စစ်သင်္ဘောများသည် စုဖွဲ့လျက် ထိုင်ဝမ်အနီး ရေပြင်တွင် နေ့စဉ်တိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်မှုများကို တစ်ပတ်ကျော်ကြာပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဇွန် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်က တရုတ်သို့ ပထမဆုံးအကြိမ် ခရီးစဉ်သွားရောက်ခဲ့ချိန်တွင် ထိုသတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Type 054 A ဖရိုင်းဂိတ်သင်္ဘောတစ်စင်း၊ Type 052 C ဖျက်သင်္ဘောတစ်စင်းတို့ ပါဝင်သော ရေတပ်စစ်သင်္ဘောတစ်စုသည် ပါရှီရေလက်ကြားနှင့် ထိုင်ဝမ်ရေလက်ကြားတို့အပါအဝင် ထိုင်ဝမ်အနီးရေပြင်များတွင် ဇွန် ၁၇ ရက်နောက်ပိုင်း ထိုစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်၏ တရားဝင်မီဒီယာ 81 . cn ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုများသည် သမုဒ္ဒရာရှိ နေရာစုံတွင် လက်တွေ့တိုက်ခိုက်ရေး လေ့ကျင့်မှုများအား စီမံခန့်ခွဲမှုမှတစ်ဆင့် စစ်သင်္ဘောများ၊ လေကြောင်းနှင့် ကမ်းရိုးတန်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ရေးနှင့် လေ့ကျင့်ရေးစွမ်းရည်များကို စမ်းသပ်ခဲ့ကြောင်း ထိုဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

တရုတ်က ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာပြောကြားထားပြီး ပြန်လည်ပေါင်းစည်းရန်အတွက် လိုအပ်ပါက အင်အားအသုံးပြုမည်ဟု ခြိမ်းခြောက်ထားသည်။ ထိုင်ဝမ်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုကို စိတ်ဝင်စားမှု မပြသခဲ့ပေ။ အမေရိကန်ကလည်း ထိုင်ဝမ်တွင် သံရုံးပုံစံ အဆောက်အအုံသစ် ဖွင့်လှစ်မှုမှသည် ထိုင်ဝမ်ခရီးသွားလာရေးအက်ဥပဒေ ပြဋ္ဌာန်းမှုအထိ လုပ်ဆောင်ခဲ့ပြီး ပေကျင်းနှင့် တိုင်ပေတို့အကြား တင်းမာမှုကို အရှိန်မြင့်တက်စေခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းရန်အတွက် စစ်သင်္ဘောတစ်စင်းကို စေလွှတ်ရန် စဉ်းစားနေသည်ဟု  အမေရိကန်တာဝန်ရှိသူများက ဇွန်အစောပိုင်းတွင် ပြောကြားခဲ့သည်။ ထိုင်ဝမ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထောက်ခံကြောင်း ပြသမှုအဖြစ် ထိုဖြတ်သန်းမှု ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်လက်ထက် ၂၀၀၇ ခုနှစ်တွင် အမေရိကန် လေယာဉ်တင်သင်္ဘောက ထိုင်ဝမ်ရေလက်ကြားကို နောက်ဆုံးအကြိမ် ဖြတ်သန်းခဲ့သည်။

Ref ;Reuters

Most Read

Most Recent