အမ်စတာဒမ်ရှိ ဒတ်ချ်သတင်းစာတစ်စောင်၏ရုံးကို ဗင်ကားဖြင့် ဝင်တိုက်မှုဖြစ်ပွား

အမ်စတာဒမ်ရှိ ဒတ်ချ်သတင်းစာတစ်စောင်၏ရုံးကို ဗင်ကားဖြင့် ဝင်တိုက်မှုဖြစ်ပွား
Published 27 June 2018

ဇွန် ၂၆ ရက်က အမ်စတာဒမ်ရှိ သတင်းစာတိုက်ကို ဝင်တိုက်ခဲ့သည့် ဗင်ကားအား တွေ့ရစဉ် (Photo - AFP)

နယ်သာလန်၏ ထိပ်တန်းသတင်းစာ တစ်စောင်ဖြစ်သော De Telegraaf  ၏ ရုံးချုပ်ကို ဗင်ကားဖြင့် ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဇွန် ၂၆ ရက် အစောပိုင်းတွင် ကုန်ဖြန့်ဖြူးသည့် ဗင်ကားတစ်စီးသည် သတင်းစာတိုက်၏ မျက်နှာစာကို ဝင်တိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြခဲ့သည်။

အားကစား၊ မှုခင်းနှင့် ထင်ရှားကျော်ကြားသူတို့၏ အတွင်းရေးကို အဓိကထားရေးသားသော  De Telegraaf  ၏ ရုံးကို ကားဖြင့်ဝင်တိုးမှုသည် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုဖြစ်ကြောင်း၊ သို့သော်လည်း ဒဏ်ရာရသူမရှိခဲ့ဘဲ ယာဉ်မောင်းသည် ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အနက်ရောင်အော်ဒီကားဖြင့် ဝင်တိုက်ခဲ့သော ယာဉ်မောင်းကို ရဲတပ်ဖွဲ့က ရှာဖွေနေပြီး အချက်အလက်များ ထုတ်ပြန်ပေးထားကြောင်း သိရသည်။ ဝင်တိုက်ခဲ့သော ဗင်ကားသည် မီးလောင်သွားခဲ့ပြီး မီးသတ်တပ်ဖွဲ့များက အလျင်အမြန်ရောက်ရှိလာခဲ့ကြသည်။

သတင်းစာ၏ အယ်ဒီတာချုပ် ပေါလ်ယန်ဆင်က ယင်းဖြစ်ရပ်၏ နောက်ကွယ်မှ သူကိုခန့်မှန်းပြောကြားရန် စောလွန်းသေးကြောင်း ပြောကြားခဲ့သည်။ ဒတ်ချ်ဝန်ကြီးချုပ် မက်ရူးကလည်း အခြေအနေသည် မရှင်းလင်းသေးကြောင်းနှင့် ယင်းဖြစ်ရပ်သည် ဒတ်ချ်ဒီမိုကရေစီနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့ကို အရှက်ရစေမှုဖြစ်ကြောင်း ပြေ ကြားခဲ့သည်။

De Telegraaf က ဗင်ကားဖြင့်တိုက်မှု  ဗီဒီယိုကို ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ပေးခဲ့သည်။ အမျိုးသားတစ်ဦးသည် အဆောက်အအုံအတွင်းရှိ အဖြူရောင်ဗင်ကား တစ်စီးကို နှစ်ကြိမ်တိုင်တိုင် တိုက်ပြီးနောက် ကားထဲမှထွက်ကာ စောင့်ဆိုင်းနေသည့် ကားတစ်စီးဖြင့် မောင်းပြေးသွားခဲ့ကြောင်း ယင်းဗီဒီယိုတွင် ပြသခဲ့သည်။

ရုံး၏မျက်နှာစာရှိမှန်များသည် အထူးလုံခြုံရေးမှန်များဖြစ်သောကြောင့် ဗင်ကားသည် ထိုးဖောက်နိုင်ခဲ့ခြင်းမရှိကြောင်း သတင်းစာက ထုတ်ပြန်ခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုအတွက် မျက်နှာစာမှ ကွန်ကရစ်တုံးများကို မကြာသေးခင်က ဖယ်ရှားထားခဲ့သောကြောင့် ဗင်ကားသည် အဆောက်အအုံထဲသို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒတ်ချ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အမ်စတာဒမ်ရှိ De Telegraaf နှင့် အခြားမီဒီယာအဖွဲ့များကို ကာကွယ်ရန် အထူးလုံခြုံရေး အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်ရန် တရားရေးဌာနကို ပြောကြားထားကြောင်း အမ်စတာဒမ်မြို့တော်ဝန် ယိုဇီယက်ဗန်အာစင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က အမ်စတာဒမ်ရှိ ဆလိုတာဒစ်ဧရိယာကို အမျိုးသားတစ်ဦးက တင့်ဖျက်လက်နက်တစ်ခုဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ယခုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီဒီယာလုပ်ငန်းများရှိသည့် ယင်းအဆောက်အအုံကို ပစ်ခတ်ခဲ့သော အမျိုးသားအား ဇွန် ၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အသက် ၄၁ နှစ်အရွယ် ယင်းအမျိုးသားသည် ဒေသခံ ဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းမှ ခေါင်းဆောင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ထားသည်။

Ref ; AFP

Most Read

Most Recent