ကိုရီးယားဆွေးနွေးပွဲ၊ မဟာဗျူဟာမြောက် တင်းမာမှုဖြစ်နေစဉ် မာတစ်က တရုတ်သို့ သွားရောက်မည်

ကိုရီးယားဆွေးနွေးပွဲ၊ မဟာဗျူဟာမြောက် တင်းမာမှုဖြစ်နေစဉ် မာတစ်က တရုတ်သို့ သွားရောက်မည်
Published 26 June 2018

ဇွန် ၂၂ ရက်က အာရှခရီးစဉ်ထွက်ခွာမည့် လေယာဉ်ပေါ်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး မာတစ်အား တွေ့ရစဉ် (Photo - AFP)

အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုမြင့်တက်နေသော်လည်း မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲတွင် ပေကျင်း၏ ခိုင်မာသော ထောက်ခံမှု အလွန်အမင်း လိုအပ်နေချိန်၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်းမာတစ်သည် ယခုသီတင်းပတ်တွင် တရုတ်သို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင် ပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းများ၌ တရုတ်က လက်နက်များ ချထားခဲ့ပြီး ပစိဖိတ်ဒေသတွင်  စစ်ရေးသြဇာ ပိုမိုလွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေခဲ့ပြီးနောက် တရုတ်၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များအား တုံ့ပြန်အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လိုကြောင်း မာတစ်က ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် တောင်ကိုရီးယားနှင့် ဂျပန်သို့လည်း သွားရောက်မည့် လေးရက်ကြာခရီးစဉ်အတွင်း မာတစ်သည် မြောက်ကိုရီးယားက နျူကလီးယားလက်နက်များအား စွန့်လွှတ်ရန်အတွက် ဖိအားပေးရာတွင် တရုတ်၏ ကတိပြုမှုကို အတည်ပြုချက်ရနိုင်မည်ဟု ၎င်းက မျှော်လင့်ထားသည်။

အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ကိုရီးယားကျွန်းဆွယ်တွင် နောက်ပြန်လှည့်၍မရသော စိစစ်အတည်ပြုနိုင်သည့် အလုံးစုံနျူကလီးယားဖျက်သိမ်းရေး ဘုံရည်မှန်းချက် ရှိထားကြောင်း မာတစ်က ပြောကြားခဲ့သည်။ မာတစ်သည် ဇွန် ၂၆ ရက်မှ ဇွန် ၂၈ ရက်အထိ ပေကျင်းတွင် တရုတ်ကာကွယ်ရေး ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်သည်။ ယင်းနောက် ဆိုးလ်သို့ သွားရောက်ကာ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဆောင်ယန်းမိုနှင့် ၎င်းက တွေ့ဆုံပြီး ဇွန် ၂၉ ရက်တွင် တိုကျို၌ ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီအိုနိုဒီရာနှင့် တွေ့ဆုံမည် ဖြစ်သည်။

အမေရိကန်က ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းများဆိုင်ရာ လျှို့ဝှက်ချက်များ ခိုးယူခံရမှုနှင့် ဆိုက်ဘာခြိမ်းခြောက်မှု စသည့်နယ်ပယ်များတွင် တရုတ်ကို စိန်ခေါ်မှု ပြုလုပ်ထားချိန်၌ မာတစ်က တရုတ်သို့ သွားရောက်မည် ဖြစ်သည်။ မာတစ်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ၁၇ လအတွင်း အာရှသို့ ခုနစ်ကြိမ် သွားရောက်ခဲ့ပြီးဖြစ်သော်လည်း တရုတ်သို့ သွားရောက်ခဲ့ခြင်း မရှိသေးဘဲ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟဲနှင့်လည်း မတွေ့ဆုံရသေးပေ။

ပေကျင်း၌ ပြုလုပ်မည့် ဆွေးနွေးပွဲသည် တရုတ်၏ ရေရှည်မဟာဗျူဟာမြောက် ရည်မှန်းချက်များကို တွက်ဆရန်နှင့် စစ်ဘက်ဆိုင်ရာများ၌ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်နိုင်ခြေများကို ဆုံးဖြတ်ရန်ဖြစ်ကြောင်း မာတစ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနှင့် ပတ်သက်၍ ပေကျင်းက ပြုံယမ်းကို ကုန်သွယ်ရေးဆိုင်ရာဖိအား ဆက်လက်ထားရှိရန် တိုက်တွန်းသွားမည်ဟု မာတစ်က ပြောကြားခဲ့သည်။

ဝေ၏ ဖိတ်ကြားမှုဖြင့် မာတစ်က တရုတ်သို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရန်ကူချန်းက ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent