ဗြိတိန်မင်းသားဝီလျံ၏ အရှေ့အလယ်ပိုင်း သမိုင်းဝင်ခရီးစဉ် စတင်

ဗြိတိန်မင်းသားဝီလျံ၏ အရှေ့အလယ်ပိုင်း သမိုင်းဝင်ခရီးစဉ် စတင်
Published 26 June 2018

ဇွန် ၂၄ ရက်က အမ္မန်ရှိ မာကာစစ်ဘက်လေဆိပ်သို့ ဝီလျံမင်းသား (ဝဲ) ရောက်ရှိလာစဉ် (Photo - AFP)

ဗြိတိန်မင်းသားဝီလျံသည် ၎င်း၏ အရှေ့အလယ်ပိုင်းခရီးစဉ် စတင်သည့်အနေဖြင့် ဇွန် ၂၄ ရက်က ဂျော်ဒန်နိုင်ငံသို့ လေယာဉ်နှင့် ရောက်ရှိလာခဲ့သည်။ ထိုခရီးစဉ်အတွင်း ဝီလျံသည် အစ္စရေးနှင့် ပါလက်စတိုင်း နယ်မြေနှစ်ခုစလုံးသို့ တရားဝင်ခရီးစဉ် သွားရောက်သည့် ပထမဆုံးဗြိတိန်တော်ဝင် မျိုးနွယ်တစ်ဦးလည်း ဖြစ်လာမည်ဖြစ်သည်။

ဂျော်ဒန်နိုင်ငံတွင် နှစ်ရက်နေမည့် ဝီလျံကို မြို့တော်အမ္မန်ရှိ မာကာစစ်လေဆိပ်တွင် အိမ်ရှေ့မင်းသား ဟူစိန်က ဂုဏ်ပြုတပ် ဖွဲ့ဖြင့် လာရောက်ကြိုဆိုခဲ့သည်။ အဆိုပါ နေ့ညနေပိုင်းတွင်မူ ဝီလျံသည်ဂျော်ဒန်ရှိ ဗြိတိန်သံအမတ်ကြီး၏ နေအိမ်၌ပြုလုပ်သော ဗြိတိန်အဲလိဇဘတ်ဘုရင်မကြီး၏ ၉၂ နှစ် ပြည့်မွေးနေ့အတွက် အထိမ်းအမှတ်ပါတီသို့ တက်ရောက်ခဲ့သည်။

“ဒေသတွင်း ပဋိပက္ခတွေရဲ့နောက် ဆက်တွဲရလဒ်ကြောင့် လုံခြုံရေး၊ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့  ရင်ဆိုင်ရတဲ့အချိန်မှာ ကြံ့ကြံ့ခံခဲ့တဲ့ ဂျော်ဒန်ကို ကျွန်တော်အရမ်းကို လေးစားပါတယ်” ဟု ဝီလျံက ထိုပါတီ၌ ပြောကြားခဲ့သည်ဟု သိရသည်။

ဇွန် ၂၅ ရက်တွင်မူ ဝီလျံသည် မြို့တော်မြောက်ပိုင်း ဂျာရတ်ရှိ ရောမရှေးဟောင်း အပျက်အစီးများကို သွားရောက်ကြည့်ရှုပြီး ဂျော်ဒန်လူငယ်နှင့် ဆီးရီးယားဒုက္ခသည်တို့၏ အသက်မွေးမှုအတတ်ပညာ သင်တန်းသို့ သွားရောက်ခဲ့သည်။

ဇွန် ၂၅ ရက်ညနေပိုင်းတွင်မှ အစ္စရေးနှင့်ဝက်စ်ဘင့်တို့သို့ ဝီလျံ၏ သမိုင်းဝင် ခရီးစဉ်စတင်မည် ဖြစ်သည်။ ထိုခရီးစဉ်အတွင်း ဝီလျံသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ ပါလက်စတိုင်းသမ္မတ မာမွတ်အဘားစ်တို့နှစ်ဦးစလုံးနှင့် တွေ့ဆုံမည်ဖြစ်သည်။

အသက် ၃၆ နှစ်အရွယ် ကိန်းဘရစ်ချ်မြို့စား ဝီလျံမင်းသား၏ ယခုခရီးစဉ်သည် အခြားသော ဗြိတိန်တော်ဝင်မျိုးနွယ်တို့၏ ပြည်ပခရီးစဉ်များကဲ့သို့ပင် နိုင်ငံရေးသဘော တရားများ ဆက်နွှယ်နေခြင်းမရှိဟု  ကင်ဆင်တန်နန်းတော်က အလေးပေးထုတ်ပြန်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အဆိုပါနေရာသည် ထိရှလွယ်မှုတို့၏ မိုင်းကွင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။

လွန်ခဲ့သည့် နှစ် ၇၀ က အစ္စရေးနိုင်ငံ မထူထောင်မီ ထိုနေရာကို ဗြိတိန်က League of Nations  လုပ်ပိုင်ခွင့်အာဏာဖြင့် အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိလည်း ဒေသတစ်ခုလုံးကို လောင်မြိုက်စေသည့် ပဋိပက္ခမီးမျိုးစေ့ကို ချပေးခဲ့မှုအတွက်  ဗြိတိန်အား အစ္စရေးနှင့် ပါလက်စတိုင်းနှစ်ဘက်စလုံးက အပြစ်တင်နေဆဲ ဖြစ်သည်။

Ref ; AFP

Most Read

Most Recent