ရွှေ့ပြောင်းအခြေချကလေးများအား မိဘများနှင့်ခွဲထားမှုကို အဆုံးသတ်ရန် အမေရိကန်အမတ်များနှင့် သမ္မတကတော်တို့ တောင်းဆို

ရွှေ့ပြောင်းအခြေချကလေးများအား မိဘများနှင့်ခွဲထားမှုကို အဆုံးသတ်ရန် အမေရိကန်အမတ်များနှင့် သမ္မတကတော်တို့ တောင်းဆို
Published 19 June 2018

မေ ၇ ရက်က အိမ်ဖြူတော်ရှိ နှင်းဆီဥယျာဉ်တွင် ကလေးများအတွက် “Be Best” အစီအစဉ်အား မီလန်နီယာထရန့်က ကြေညာနေစဉ် (Photo – AFP)

အမေရိကန်နယ်စပ်များတွင် ရွှေ့ပြောင်းအခြေချများအား မိဘနှင့်ကလေးခွဲထားသည့် အလွန်အမင်း အငြင်းပွားစရာ လုပ်ထုံးလုပ်နည်းအား အဆုံးသတ်ရန်အတွက် သမ္မတဒေါ်နယ်ထရန့်၏ကတော် မီလန်နီယာထရန့်က ရှားရှားပါးပါး နိုင်ငံရေးဆိုင်ရာ မေတ္တာရပ်ခံမှု ပြုလုပ်ခဲ့စဉ် ဒီမိုကရက်တစ်နှင့် ရီပက်ဘလီကင် နှစ်ပါတီစလုံးမှ ဥပဒေပြုအမတ်များ က ဇွန် ၁၇ ရက်တွင် ထိုကိစ္စအား ဆွေးနွေးမှုကို အရှိန်မြှင့်ခဲ့ကြသည်။

ထရန့်အစိုးရ၏ လုံးဝအလျှော့မပေးသည့် နယ်စပ်လုံခြုံရေးဆိုင်ရာ မူဝါဒသည် နှစ်ပါတီစလုံးအား ဒေါသထွက်စေခဲ့ပြီး အထူးသဖြင့် အမေရိကန်တွင် အဖေများနေ့ ကျင်းပနေစဉ် နှစ်ပါတီစလုံးက တူညီသော အသံများ ထုတ်ပြန်ခဲ့ကြသည်။ မိဘနှင့် ကလေးများအား ခွဲထားသည့်ထိုလုပ်ရပ်အား အဆုံးသတ်လိုကြောင်း ထရန့်က ပြောကြားထားသော်လည်း ထိုအကျပ်အတည်းအတွက် ဒီမိုကရက်တစ်များကို ၎င်းက ထပ်မံအပြစ် တင်ခဲ့သည်။ ဝေဖန်သူများကမူ ထိုပြဿနာကို ထရန့်က ကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်ဟု အပြစ်တင်ခဲ့ကြသည်။

နိုင်ငံရေးကဏ္ဍတွင် အမြဲတမ်းပါဝင်လေ့ မရှိသော မီလန်နီယာက ထရန့်အစိုးရ၏မူ ဝါဒကို ရှုတ်ချခြင်းမပြုသော်လည်း ထိုပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် ပါတီနှစ်ရပ်စလုံးက ပူးပေါင်း၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဖော်ဆောင်ရန်သာ တိုက်တွန်းခဲ့သည်။ ဥပဒေအားလုံးကို လိုက်နာသော နိုင်ငံတစ်နိုင်ငံဖြစ်ရန်အပြင် နှလုံးသားဖြင့် အုပ်ချုပ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ရန်လည်း လိုအပ်ကြောင်းကို သမ္မတကတော်က လက်ခံထားကြောင်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ် စတက်ဖနီဂရစ်ဟမ်က ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးကိစ္စသည် ထရန့်အစိုးရအား ဖိစီးနေသော သဘောထားအကွဲလွဲဆုံး၊ အငြင်းပွားဖွယ်အဖြစ်ဆုံး ကိစ္စများ အနက်တစ်ခု ဖြစ်သည်။ ပြီးခဲ့သောသီတင်း ပတ်ခြောက်ပတ်အတွင်း အမေရိကန်အစိုးရသည် အသက်မပြည့်သေးသူ ၂၀၀၀ နီးပါးအား မိဘများ သို့မဟုတ် အရွယ်ရောက်ပြီးသူ အုပ်ထိန်းသူများနှင့် သီးခြားခွဲထားခဲ့ကြောင်း ထုတ်ပြန်ခဲ့ရာ ယင်းကဲ့သို့ ရုတ်တရက်ဆန့်ကျင်ကန့်ကွက်မှုကို မီးထိုးပေးခဲ့ခြင်း ဖြစ်သည်။

အရွယ်ရောက်သူများက ခိုလှုံခွင့်တောင်းခံရန် ဟုတ်၊ မဟုတ်ကို ထည့်သွင်းမစဉ်းစားဘဲ မက္ကဆီကိုနှင့် ထိစပ်နေသည့် အမေရိကန် နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာသော ရွှေ့ပြောင်းအခြေချအားလုံးကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ရှေ့နေချုပ်ဂျက်ဆက်ရှင်းက ကြေညာခဲ့သည့် မေအစောပိုင်းနောက်ပိုင်း ယင်းကဲ့သို့ ရွှေ့ပြောင်းအခြေချမိဘများနှင့် ကလေးများအား ခွဲထုတ်မှုသည် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စအတွက် သဘောထားကွဲလွဲမှု နက်ရှိုင်းနေစဉ် ထရန့်၏ ရီပက်ဘလီကင်ပါတီမှ အမတ်များက လက်တွေ့ကျသော လူဝင်မှု ကြီးကြပ်ရေးအစီအစဉ်တစ်ခုကို ရေးဆွဲနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။ မိသားစုခွဲထားမှုအား အဆုံးသတ်ပစ်ချိန်တွင် တရားဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်း အခြေချများအား ကန့်သတ်မည့် အပေးအယူ လုပ်ထားသည့် အရေးယူဆောင်ရွက်မှု တစ်ခုနှင့် သဘောထားတင်းမာသော ဥပဒေကြမ်းတစ်ခုစသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေကြမ်းနှစ်ခုအား ရီပက်ဘလီကင်များ ဦးဆောင်နေသော အောက်လွှတ်တော်က ယခုသီတင်းပတ်တွင် မဲခွဲမည်ဖြစ်သည်။

Ref ;AFP

Most Read

Most Recent