ကိုလံဘီယာရွေးကောက်ပွဲ၌ အီဗန်ဒုအနိုင်ရသဖြင့် FARC ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အန္တရာယ်ရှိလာ

ကိုလံဘီယာရွေးကောက်ပွဲ၌ အီဗန်ဒုအနိုင်ရသဖြင့် FARC ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အန္တရာယ်ရှိလာ
Published 19 June 2018

ဇွန် ၁၇ ရက်က ဘိုဂိုတာမြို့တွင် ကိုလံဘီယာသမ္မတ ရွေးကောက်ပွဲဒုတိယအကျော့ ရလဒ်ကို ကြေညာနေစဉ် (Photo – AFP)

ဇွန် ၁၈ ရက်က ကိုလံဘီယာ သမ္မတရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ဝါဒီ အီဗန်ဒုက အနိုင်ရရှိသွားခဲ့သည်။ အီဗန်ဒုသည် FARC  သူပုန်များနှင့် ရရှိထားသော ၂၀၁၆ ခုနှစ်က ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ရေးသားမည်ဟု မဲဆွယ်စည်းရုံးခဲ့သူ ဖြစ်သည်။

အသက် ၄၁ နှစ်အရွယ် ဒုသည် ရွေးကောက်ပွဲဒုတိယအကျော့တွင် မဲ ၅၄ ရာခိုင်နှုန်းရရှိပြီး အနိုင်ရသွားခဲ့သည်ဟု ရွေးကောက်ပွဲအာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့ကြောင့် ဒုသည် ၁၈၇၂ ခုနှစ် နောက်ပိုင်း အသက်အငယ်ဆုံး ကိုလံဘီယာ သမ္မတဖြစ်လာပြီ ဖြစ်သည်။

ပြိုင်ဘက်ဂူစတာဗို ပီထရိုမှာမူ ထောက်ခံမဲ ၄၂ ရာခိုင်နှုန်းရရှိခဲ့သည်။ လက်ဝဲဝါဒီ မြို့တော်ဝန်ဟောင်းနှင့် သူပုန်ဟောင်းတစ်ဦးဖြစ်ခဲ့သော ပီထရိုသည် FARC သူပုန်များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထောက်ခံသူဖြစ်သည်။

မဲရုံများသည် ဒေသစံတော်ချိန် ညနေလေးနာရီတွင် ပိတ်ခဲ့ပြီး ငြိမ်းချမ်းသောရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့သည်။

ရွေးကောက်ခံလိုက်ရသောဒုသည် ငြိမ်းချမ်းရေး သဘောတူညီချက်ကိုပြင်မည်ဟု ပေးထားသော ကတိကို အချိန်မဆိုင်းဘဲ လုပ်ဆောင်သွားမည်ဟု ပြောခဲ့ပြီးနောက် သဘောတူညီချက်နှင့် ပတ်သက်၍ တင်းမာမှုများသည် ချက်ချင်းပင် သိသိသာသာ ထွက်ပေါ်လာခဲ့သည်။

“ကျွန်တော်တို့ လိုလားနေတဲ့ငြိမ်းချမ်းရေးဆိုတာ ပြုပြင်မှုကို လိုလားတယ်၊ပြုပြင် မှုရှိရပါမယ်။ တရားမျှတမှု၊ အမှန်တရားနဲ့ စစ်လျော်ကြေးတွေအတွက် အာမခံရရှိဖို့အတွက် သားကောင်ဖြစ်ခဲ့ရသူတွေဟာ လုပ်ငန်းစဉ်ရဲ့ ဗဟိုချက်မှာရှိရပါမယ်” ဟု ဒုက အောင်ပွဲမိန့်ခွန်းအတွင်း ထောက်ခံသူများကို ပြောကြားခဲ့သည်။ ဒု၏ဆရာမှာ သမ္မတဟောင်း အယ်ဗာရိုအူရီဘေးဖြစ်သည်။ ၂၀၀၂-  ၂၀၁၀ အထိသမ္မတသက်တမ်းနှစ်ခု ထမ်းဆောင်ခဲ့သော အူရီဘေးလက်ထက်အတွင်း စစ်တပ်နှင့် FARC  သူပုန်တို့ကြားတွင် မီးကုန်ယမ်းကုန် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ပြိုင်ဘက်ပီထရိုကမူ သဘောတူညီချက်၏ အခြေခံအချက်များအား ပြောင်းလဲမှုများကိုမူ ခုခံကာကွယ်သွားမည်ဟု ကတိပေးထားသည်။ “ဒီအတိုင်းပျက်စီးသွားမှာကို ကြည့်မနေနိုင်ပါဘူး” ဟု ပီထရိုက ပြောကြားခဲ့သည်။

FARC  ကလည်း သဘောတူညီချက်နှင့် ပတ်သက်၍ ကိုင်တွယ်ရာတွင် အကောင်းမြင်မှုအား ပြသရန် ဒုကို ချက်ချင်းပင် တောင်းဆိုခဲ့သည်။ FARC  တို့သည် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိပြီးသည့် နောက်ပိုင်း လက်နက်စွန့်လွှတ်ကာ နိုင်ငံရေးပါတီ ထူထောင်ခဲ့သော်လည်း သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ခြင်း မရှိပေ။ “နိုင်ငံအတွက် လိုအပ်နေတာဟာ အတွင်းပိုင်းငြိမ်းချမ်းရေးပါ” ဟု ဒုအနိုင်ရသွားပြီးနောက် FARC  က ထုတ်ပြန်ခဲ့ပြီး ဒုနှင့်ဆွေးနွေးမှုတစ်ခု ပြုလုပ်ရန်လည်း သူပုန်ဟောင်းများက ပြောကြားခဲ့သည်။

“အဓိကပြဿနာကြီးတစ်ခုကတော့ ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဘာဖြစ်လာမလဲဆိုတာပါပဲ။ ဒုကသဘောတူညီချက်ကို မဖျက်ဘဲ အဆင့်မြှင့်တင်မှုလုပ်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ သဲသဲကွဲကွဲ မသိနိုင်ပါဘူး” ဟု Rosario တက္ကသိုလ်မှ ယန်ဘာဆက်က ပြောကြားခဲ့သည်။

“နောက်ပြန်လှည့်ဖို့ဆိုတာကတော့ ပေးရတဲ့ တန်ဖိုးသိပ်ကြီးသွားပါလိမ့်မယ်” ဟု Javeriana တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဆိုင်ရာ ပါမောက္ခဖြစ်သူ ဖာဘီယံအကူနာက ဆိုသည်။

Ref ; AFP

Most Read

Most Recent