အာဖဂန်အစိုးရက တာလီဘန်တို့နှင့် အပစ်အခတ် ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးကြောင်း ကြေညာ

အာဖဂန်အစိုးရက တာလီဘန်တို့နှင့် အပစ်အခတ် ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးကြောင်း ကြေညာ
Published 18 June 2018

ဇွန် ၁၅ ရက်က မြို့တော်ကဘူးတွင် အိဒ်ကာလအတွင်း အာဖဂန်ပြည်သူများ အချင်းချင်း ပွေ့ဖက်နေကြသည်ကို တွေ့ရစဉ် (Photo: AFP)

အာဖဂန်နစ္စတန်နိုင်ငံတွင် အိဒ်အားလပ်ရက်အတွင်း လူ ၂၅ ဦးထက်မနည်းကို သေစေခဲ့သော အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အစိုးရသည် တာလီဘန်တို့နှင့် အပစ်အခတ် ရပ်စဲရေးကို ဇွန် ၁၆ ရက်တွင် ထပ်မံ သက်တမ်းတိုးခဲ့သည်။

အာဖဂန်သမ္မတ အရှရစ်ဂါနီသည် ရှားရှားပါးပါး ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တာလီဘန်တို့ကိုလည်း ဇွန် ၁၇ ရက်တွင် အဆုံးသတ်မည့် ၎င်းတို့၏ သုံးရက်ကြာ အပစ်အခတ်ရပ်စဲမှုကို ထပ်မံသက်တမ်းတိုးပေးရန် ဂါနီက တောင်းဆိုခဲ့သည်။ သို့သော် တာလီဘန်တို့က သက်တမ်းထပ်တိုးတော့မည် မဟုတ်ဘဲ တိုက်ခိုက်မှုများ ပြန်လည်စတင်တော့မည်ဟု ထုတ်ပြန်ခဲ့သည်။

“ခံစစ်အနေအထားမှာပဲ ဆက်ပြီးရှိနေကြဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို အမိန့်ထုတ်ခဲ့ပါတယ်” ဟု ဂါနီကဆိုပြီး တာလီဘန်များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာရောက်ကြရန် တိုက်တွန်းခဲ့သည်။ အစိုးရ၏ အပစ်အခတ် ရပ်စဲရေးမှာ ဇွန် ၁၉ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲသည့် ကာလအတွင်း တာလီဘန်များသည် ဆေးဝါးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ရရှိမည်ဖြစ်ပြီး တာလီဘန် အကျဉ်းသားများမှာလည်း မိသားစုများနှင့် တွေ့ခွင့်ရမည်ဟု သမ္မတက ပြောကြားခဲ့သည်။ ထို့ပြင် အစိုးရသည် တာလီဘန် အကျဉ်းသားအချို့ကိုလည်း လွှတ်ပေးနေသည်ဟု သိရသည်။

အိဒ်ကာလ (ရာမာဒန်ဥပုသ်ကာလအပြီး မွတ်စလင်အားလပ်ရက်) ၏ ဒုတိယနေ့တွင် သမ္မတဂါနီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်က အမေရိကန် ကျူးကျော်မှုနောက်ပိုင်း ပထမဆုံးအကြိမ် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲမှုဖြစ်သဖြင့် နိုင်ငံထဲ၌ စိတ်လှုပ်ရှားမှုများ မြင့်တက်လာခဲ့ကြသည်။

အပစ်အခတ် ရပ်စဲထားစဉ်အတွင်း စစ်ဒဏ်ကြောင့် ဖွတ်ဖွတ်ကြေနေသည့် အာဖဂန်တစ်ဝန်းတွင် တာလီဘန်များသည် မျက်ရည်များဝဲကာ လုံခြုံရေးအင်အားစုများ၊ အရပ်သားများ၊ နိုင်ငံရေးသမားများနှင့် ပွေ့ဖက်ခဲ့ကြပုံ၊ အတူတူ ဝတ်ပြုခဲ့ကြပုံ အစရှိသည့် မယုံနိုင်စရာ မြင်ကွင်းများပင် တွေ့မြင်ခဲ့ရသည်။

ဇွန် ၁၆ ရက်က တိုက်ခိုက်မှုမှာမူ နိုင်ငံအရှေ့ပိုင်းပြည်နယ် နန်ဂါဟာထဲရှိ ရိုဒက်ခရိုင်၌ အပစ်အခတ် ရပ်စဲမှုအတွက် အထိမ်းအမှတ်ပွဲ ကျင်းပနေကြသော လူအုပ်ထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဒေသထဲတွင် လှုပ်ရှားနေကြသော IS တို့ က ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း တာလီဘန်များ အပါအဝင် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောခွင့်ရပုဂ္ဂိုလ် အတူယာလာ ခိုဂါနီက ဆိုသည်။

“အပစ်အခတ်ရပ်စဲမှုအတွက် ပွဲကျင်းပနေကြတဲ့ တာလီဘန်တွေ၊ လုံခြုံရေးအင်အားစုတွေ၊ ပြည်သူတွေကြားမှ အသေခံဗုံးခွဲလိုက်တာ ဖြစ်ပါတယ်” ဟု ခိုဂါနီက အစောပိုင်းက ပြောကြားခဲ့သည်။

စစ်ပန်းနေကြပြီ

နန်ဂါဟာပြည်နယ်ရှိ အငြင်းပွားနေသော ဘာတီကော့ခရိုင်မှ စစ်ဆေးရေးဂိတ်များတွင် အာဖဂန်တပ်ဖွဲ့ဝင်များသည် တာလီဘန်တို့ကို အိဒ်အတွက် နုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း၊ ဓာတ်ပုံတွဲရိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ပုံမှန်အားဖြင့် အချင်းချင်း သတ်ဖြတ်ရန် ကြိုးပမ်းနေကြသည့်သူများသည် ယင်းကဲ့သို့ အခြေအနေရောက်မည်ကို လွန်ခဲ့သည့် ရက်အနည်းငယ်မတိုင်မီအထိ စဉ်းစား၍ပင် မရနိုင်သေးပေ။ ထိုစဉ် ရွာသားများသည်လည်း တာလီဘန်သူပုန်များအနီးသို့ ဝိုင်းလာကြပြီး သူပုန်များကို ပွေ့ဖက်ခြင်း၊ ပျော်ရွှင်စွာ ဆဲလ်ဖီရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြသည်။

“ရဲနဲ့ စစ်တပ်က ညီနောင်တွေကို နှုတ်ဆက်ဖို့ ကျွန်တော်တို့ ဒီကိုလာတာပါ” ဟု တာလီဘန်တပ်မှူး ဘာဘာက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြခဲ့သည်။ “အခုအချိန်အထိတော့ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲနေကြဆဲပါ။ လူတိုင်းဟာ စစ်ပန်းနေကြပါပြီ။ ကျွန်တော်တို့ ခေါင်းဆောင်တွေကသာ ဒီအပစ်အခတ် ရပ်စဲရေးကို ရှေ့ဆက်ဖို့ ညွှန်ကြားမယ်ဆိုရင် ကျွန်တော်တို့တစ်တွေ တစ်သက်လုံး ထိန်းသိမ်းသွားမှာပါ” ဟု ထိုတာလီဘန်တပ်မှူးက ဆိုသည်။

လမ်းများပေါ်တွင်လည်း လက်နက်ကြီးများ ကိုင်ဆောင်ထားကြသည့် တာလီဘန် တိုက်ခိုက်ရေးသမားများသည် အာဖဂန်နှင့် တာလီဘန်အလံနှစ်ခုစလုံး လွှင့်ထူထားသောကားများ၊ မော်တော်ဆိုင်ကယ်များကို မောင်းနှင်ပြီး လွတ်လပ်စွာ သွားလာခဲ့ကြသည်။

Ref: AFP

Most Read

Most Recent