ကိုလံဘီယာ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ ကျင်းပ

ကိုလံဘီယာ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ ကျင်းပ
Published 18 June 2018

ဇွန် ၁၆ ရက်က သမ္မတကိုယ်စားလှယ်လောင်း ပီထရို၏ပုံ ရိုက်နှိပ်ထားသော အလံတစ်ခုကို သယ်လာသည့် ထောက်ခံသူတစ်ဦး (Photo: AFP)

ဇွန် ၁၇ ရက်က ကိုလံဘီယာသမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့တွင် နိုင်ငံသားများသည် ၎င်းတို့၏ သမ္မတသစ်ကို ရွေးချယ်ကြမည်ဖြစ်သည်။ ယင်းသည် FARC သူပုန်များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီးနောက်ပိုင်း ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။

FARC ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြန်ပြင်မည်ဟုဆိုနေသော ရှေးရိုးစွဲသမ္မတ ကိုယ်စားလှယ်လောင်း အီဗန်ဒု၊ ၎င်းနှင့် လုံးလုံးကွဲလွဲသော လက်ဝဲဝါဒီမြို့တော်ဝန်ဟောင်းနှင့် သူပုန်ဟောင်းဖြစ်ခဲ့သော ကူတာဗိုပီထရိုတို့ နှစ်ဦးအနက် တစ်ဦးကို မဲဆန္ဒရှင်များက ရွေးချယ်ရမည်ဖြစ်သည်။ ပီထရိုမှာမူ ထိုငြိမ်းချမ်းရေး သဘောတူညီချက်ကို ထောက်ခံသူ ဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာ FARC သူပုန်တွေ မရှိတော့ပါဘူး။ သူတို့က ငြိမ်းချမ်းရေး တည်ဆောက်နေပါပြီ” ဟု သြဂုတ်လတွင် သမ္မတရာထူးမှ ဆင်းတော့မည့် သမ္မတဟွမ်မန်နျူယယ်ဆန်းတို့စ်က ရွေးကောက်ပွဲမတိုင်မီ ပြောကြားခဲ့သည်။ ဆန်းတို့စ်သည် FARC သူပုန်တို့နှင့် စစ်ပွဲကို အဆုံးသတ်စေခဲ့သော ၎င်း၏ကြိုးပမ်းမှုကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုပင် ရရှိခဲ့သည်။ သို့သော်လည်း ဆန်းတို့စ်သည် လူဦးရေ ၄၉ သန်းနေထိုင်သော ကိုလံဘီယာနိုင်ငံ၌ စံချိန်တင် လူကြိုက်နည်းသည့် အခြေအနေနှင့် ရာထူးမှ ဆင်းရတော့မည်ဖြစ်သည်။

ပထမအကျော့ ရွေးကောက်ပွဲတွင် လွယ်လင့်တကူ အသာရခဲ့သည့် အသက် ၄၁ နှစ်အရွယ် အီဗန်ဒုသည် ပြင်းထန်သည့်ပြစ်မှုများကို ကျူးလွန်ခဲ့သော FARC ခေါင်းဆောင်များကို ပြစ်ဒဏ်ပေးရန် သဘောတူညီချက်ကို ပြန်ပြင်လိုနေသည်။ ဒု၏ ဆရာမှာ သမ္မတဟောင်း အယ်ဗာရိုအူရီဘီ ဖြစ်သည်။ ၂၀၀၂-၂၀၁၀ ပြည့်နှစ်အထိ သမ္မတသက်တမ်းနှစ်ခု ထမ်းဆောင်ခဲ့သော အူရဘီလက်ထက်အတွင်းက စစ်တပ်နှင့် FARC သူပုန်တို့ကြားတွင် မီးကုန်ယမ်းကုန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အူရဘီ၏ ဒီမိုကရက်တစ်စင်တာ ပါတီမှဖြစ်သော အီဗန်ဒုသည် ဇွန် ၁၇ ရက် ရွေးကောက်ပွဲတွင် မဲခြောက်ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအသာဖြင့် ပီထရိုကို အနိုင်ပိုင်းနိုင်လိမ့်မည်ဟု နောက်ဆုံးကောက်ယူခဲ့သော လူထုသဘောထားစစ်တမ်းများအရ ခန့်မှန်းရသည်။ ဒုသာ ရွေးကောက်ပွဲတွင် နိုင်သွားပါက ၁၈၇၂ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံး ကိုလံဘီယာသမ္မတ ဖြစ်လာလိမ့်မည်။

အသက် ၅၈ နှစ်အရွယ် သူပုန်ဟောင်း ပီထရိုသည် သမ္မတရွေးကောက်ပွဲဒုတိယ အကျော့အထိ တက်လာနိုင်ခြင်းက နိုင်ငံတွင် လက်ဝဲများနှင့်ပတ်သက်၍ သံသယများ လျော့ပါးလာပြီဟူသည့် လက္ခဏာတစ်ရပ်ဖြစ်သည်။ ငယ်ရွယ်စဉ်က M-19 သူပုန်အဖွဲ့ဝင်ဖြစ်ခဲ့သော ပီထရိုက ၎င်းသည်ထိုစဉ်က တိုက်ခိုက်ရေးသမားတစ်ဦးမဟုတ်ဘဲ စီစဉ်သူတစ်ဦးသာဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတွင်းမှ မမျှတမှုများကို မီးမောင်းထိုးပြီး မဲဆွယ်ခဲ့သည့် ပီထရိုသည် ၎င်းအနိုင်ရပါက စိုက်ပျိုးရေးကုမ္ပဏီကြီးများထံမှ မြေများကို ဝယ်ယူပြီး ဆင်းရဲသော လယ်သမားများကို ဝေပေးမည်ဟု ကတိပြုထားသည်။

ပထမအကျော့အတွင်းက ပီထရိုနှင့် မဲရာခိုင်နှုန်း ကွာခြားမှု နည်းပါးသော ဗဟိုဝါဒီ မြို့တော်ဝန်ဟောင်း ဆာဂျီယိုဖာဂျာဒိုအား ထောက်ခံသူများသည် ဒုတိယအကျော့တွင် ပီထရိုကို ထောက်ခံလိမ့်မည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

ကိုလံဘီယာသည် ကမ္ဘာ့ထိပ်တန်း ကိုကင်းထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။ အင်အား အကြီးဆုံးသူပုန်အဖွဲ့ဖြစ်သည့် FARC တို့နှင့် စစ်ပွဲအဆုံးသတ်သွားခဲ့သော်လည်း FARC တို့ တစ်ချိန်က ကြီးစိုးခဲ့သည့် အကျိုးအမြတ်များသော မူးယစ်ဆေး မှောင်ခိုလမ်းကြောင်းများရှိသည့် နေရာများကို ကြီးစိုးရန် အခြားလက်နက်ကိုင်များက ယှဉ်ပြိုင်လျက်ရှိနေဆဲ ဖြစ်သည်။

Ref: AFP

Most Read

Most Recent