ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား ထရန့် ရပ်ဆိုင်းလိုက်မှုက ကိုရီးယားတွင် မဟာမိတ်ကာကွယ်ရေးကို အားနည်းသွားစေနိုင်

ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား ထရန့် ရပ်ဆိုင်းလိုက်မှုက ကိုရီးယားတွင် မဟာမိတ်ကာကွယ်ရေးကို အားနည်းသွားစေနိုင်
Published 17 June 2018

၂၀၁၆ ခုနှစ် ဇူလိုင် ၆ ရက်က ပိုဟန်မြို့တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ တောင်ကိုရီးယားနှင့် အမေရိကန် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo : AP)

တောင်ကိုရီးယားတွင် အမေရိကန်၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား ရပ်ဆိုင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်ချမှုသည် ရပ်ဆိုင်းထားသည့် အချိန်ကာလ ကြာမြင့်မှုနှင့် အတိုင်းအတာကို မူတည်၍ မဟာမိတ်များ၏ ကာကွယ်ရေးကို အားနည်းသွားစေနိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ သို့သော် သံတမန်ရေးရာ ထိခိုက်မှု အလားအလာမှာ ပိုမိုကြီးမားနိုင်ကြောင်း ၎င်းတို့က သတိပေးခဲ့ကြသည်။

ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့အကြား သမိုင်းဝင် ထိပ်သီးရလဒ်အတွက်  စည်းလုံးညီညွတ်မှုကို အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ဇွန် ၁၄ ရက်တွင် ပြသခဲ့ကြသည်။ သို့သော် ထရန့်က ထိုရပ်ဆိုင်းမည့်ကိစ္စအား အာရှမဟာမိတ်များအပြင် ပင်တဂွန်ကိုပါ ကြိုတင်အသိပေးရန် ပျက်ကွက်ခဲ့မှုကို တုန်လှုပ်မိခဲ့ကြောင်း အမေရိကန်-အာရ ှမူဝါဒရေးရာ အတွေ့အကြုံများရှိသော တာဝန်ရှိသူဟောင်းများနှင့် လေ့လာသူများက ပြောကြားခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှုများသည် အဟန့်အတားများ ဖြစ်သဖြင့် အလွန်အမင်း အရေးပါကြောင်း၊ ကင်နှင့်ဆွေးနွေးရန် ထရန့်၏ ဆန္ဒရှိမှုကို ကြိုဆိုသော်လည်း ထိုဆုံးဖြတ်ချက်ကြောင့် ပင်တဂွန်အတွက် ရှုပ်ထွေးမှု ဖြစ်ပေါ်စေမှုကို သမ္မတက လျှော့တွက်ခဲ့မှုအတွက် စိုးရိမ်မိကြောင်း သမ္မတဟောင်း ဘာရက်အိုဘားမား အစိုးရလက်ထက် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ပြောကြားခဲ့သည်။

နည်းဗျူဟာများ၊ လုပ်ထုံးလုပ်နည်းများနှင့် အစီအစဉ်များအား အဆင့်ဆင့်ပြောင်းလဲနိုင်ရန် ရည်ရွယ်သော ကြီးမားသော ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် မဟာမိတ်များအကြား စည်းလုံးညီညွတ်မှုကို ပြသခြင်းဖြစ်ပြီး ရန်သူ၏ တိုက်ခိုက်မှုများအား ဟန့်တားရန် စိတ်ဓာတ်ရေးရာ စစ်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း လေ့လာသူများက ဆိုခဲ့သည်။

၁၉၅၃ ခုနှစ်တွင် ငြိမ်းချမ်းရေး သဘောတူညီချက်ဖြင့် မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေးဖြင့် ရပ်ဆိုင်းခဲ့သည့် ကိုရီးယားစစ်ပွဲအပြီးတွင် အမေရိကန်က တောင်ကိုရီးယား၌ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များအား ချထားခဲ့သည်။ တောင်ကိုရီးယားနှင့် ပူးတွဲပြုလုပ်သည့် နောက်ထပ် ထင်ရှားသော စစ်ရေးလေ့ကျင့်မှုဖြစ်သော Ulchi Freedom Guardian ကို ပြီးခဲ့သောနှစ် သြဂုတ်တွင် ၁၁ ရက်ကြာ ပြလုပ်ခဲ့ပြီး အမေရိကန် တပ်ဖွဲ့ဝင် ၁၇၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

ထိုစစ်ရေး လေ့ကျင့်မှုများသည် မြောက်ကိုရီးယား၏ မည်သည့် ရန်စမှုကိုမဆို တန်ပြန်ရန် အမေရိကန်နှင့် တောင်ကိုရီးယား၏ ကြိုတင်ပြင်ဆင်ထားမှုကို ပြသသည့် ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုများသာ ဖြစ်ကြောင်း အမေရိကန်က အခိုင်အမာ ထုတ်ပြန်ခဲ့သည်။ သို့သော် ထရန့်က ထိုစစ်ရေး လေ့ကျင့်မှုများအား ရပ်ဆိုင်းမည်ဟု ကြေညာခဲ့ချိန်တွင် မြောက်ကိုရီးယားနှင့် တရုတ်တို့က သုံးနှုန်းလေ့ရှိသည့် “ရန်စသော” နှင့် “စစ်ပွဲသရုပ်ဖော် လေ့ကျင့်မှုများ” ဟု သုံးနှုန်းခဲ့သည်။

ထို့ပြင် ကုန်ကျစရိတ်မြင့်မားမှုက အဓိက ပူးတွဲစစ်ရေး လေ့ကျင့်မှုများအား ရပ်ဆိုင်းရခြင်း၏ အကြောင်းရင်း တစ်ချက်ဖြစ်ကြောင်းလည်း ထရန့်က ပြောကြားခဲ့သည်။ သို့သော် ထိုစစ်ရေးလေ့ကျင့်မှု အားလုံးတွင် အမေရိကန် ပါဝင်မှုအတွက် ကုန်ကျစရိတ်ကျခံသည့် ပင်တဂွန်က မည်မျှကုန်ကျကြောင်း မထုတ်ပြန်ခဲ့ပေ။

အသေးစား စစ်ရေးလေ့ကျင့်မှု တစ်ခုအတွက် ဒေါ်လာနှစ်သန်းခန့် ကုန်ကျပြီး အကြီးစား စစ်ရေးလေ့ကျင့်မှု အတွက် ဒေါ်လာ ၁၅ သန်းခန့် ကုန်ကျကြောင်း ယခင်က ခန့်မှန်းတွက်ချက်မှုရှိခဲ့ပြီး ယခုအခါ အသုံးစရိတ် ဒေါ်လာဘီလျံ ၇၀၀ ကျော်နေသော ပင်တဂွန်အတွက် ထိုကုန်ကျစရိတ်သည် မဆိုစလောက် ပမာဏသာ ဖြစ်နေသည်။

စစ်ရေးလေ့ကျင့်မှုများအား ရပ်ဆိုင်းမည့် အကြောင်းကို မဟာမိတ် တောင်ကိုရီးယားနှင့် ဂျပန်တို့အား ကြိုတင်အသိပေးရန် ပျက်ကွက်ခဲ့မှုနှင့် ကုန်ကျစရိတ်ကို အာရုံစိုက်မှုတို့က ထိခိုက်ဆုံးရှုံးနိုင်ခြေအား သုံးဆကြီးမားစေနိုင်ကြောင်း သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် အစိုးရလက်ထက် အမျိုးသားလုံခြုံရေး ကောင်စီမှ အာရှဒါရိုက်တာ မိုက်ကယ်ဂရင်းက သုံးသပ်ခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီးယား ခြိမ်းခြောက်မှု မဟုတ်တော့ကြောင်း ထရန့်က Twitter တွင် ထုတ်ပြန်မှုကိုလည်း အငြိမ်းစား အမေရိကန်ရေတပ် ဗိုလ်ချုပ်ဟောင်း ဟာရီဟားရစ်က လက်မခံခဲ့ပေ။ သို့သော် စစ်ရေးလေ့ကျင့်မှုများအား ရပ်ဆိုင်းခြင်းသည် ကင်ဂျုံအွန်အစိုးရနှင့် နျူကလီးယား ဖျက်သိမ်းရန်အတွက် ဆွေးနွေးမှုများ တိုးတက်စေရန်အတွက် အသက်ရှူပေါက် ပေးလိုက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် အတည်ပြုရန် အထက်လွှတ်တော် ကြားနာမှု၌ ဟားရစ်က ရှင်းလင်း ပြောကြားခဲ့သည်။ သို့သော် စစ်ရေးလေ့ကျင့်မှုများအား ရပ်ဆိုင်းခြင်းကို တစ်ဖက်သတ် မဆုံးဖြတ်သင့်ကြောင်း ၎င်းကဆိုခဲ့သည်။

အမေရိကန် အထက်လွှတ်တော် လက်နက်ကိုင်ရေးရာ ကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကလည်း ပူးတွဲစစ်ရေး လေ့ကျင့်မှုများအား ရပ်ဆိုင်းမှုသည် မှားယွင်းမှု၊ ဆိုးရွားသော ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ နည်းဗျူဟာနှင့် အမေရိကန်လုံခြုံရေးကို အားလျော့စေမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆိုးလ်တွင် တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး အောင်မြင်ရန်မှာ မဟာမိတ်များအကြား အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုက အလွန်အမင်း အရေးပါမည် ဖြစ်ကြောင်းသာ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် ညှိနှိုင်းဆွေးနွေးမှုများသည် အပြုသဘော ဆောင်နေသရွေ့ ယုံကြည်မှုပြသမှုအဖြစ် စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ သို့သော် ပုံမှန်ပြုလုပ်နေကျ အသင့်ဖြစ်စေရန် လေ့ကျင့်မှု၊ ဖလှယ်မှုများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ ပင်တဂွန်ကမူ Ulchi Freedom Guardian စစ်ရေးလေ့ကျင့်မှုအား ဖျက်သိမ်း သို့မဟုတ် ရွှေ့ဆိုင်းမှု လုပ်၊ မလုပ်ကိုမူ အတည်မပြုသေးပေ။

နောက်ဆုံးတွင် တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင် အားလုံးကို ပြန်လည်ရုပ်သိမ်းနိုင်ကြောင်း ထရန့်၏ ပြောကြားထားမှုကလည်း အမေရိကန်၏ တည်ကြည်ခိုင်မာမှုကို ဆိုးလ်နှင့် တိုကျိုတို့က သံသယ ဝင်စေမည်ဟု ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပင်တဂွန်၏ မူဝါဒဆိုင်ရာ ထိပ်တန်းတာဝန်ရှိအဖြစ် ထမ်းဆောင်ခဲ့သည့် Christine Wormuth က သုံးသပ်ခဲ့သည်။

Ref : AFP

Most Read

Most Recent