မောင်းသူမဲ့ကားများအတွက် အဓိကကျသော 3D မြေပုံကို တည်ဆောက်ရန် ဂျပန်က ကြိုးပမ်း

မောင်းသူမဲ့ကားများအတွက် အဓိကကျသော 3D မြေပုံကို တည်ဆောက်ရန် ဂျပန်က ကြိုးပမ်း
Published 17 June 2018

မေ ၃၁ ရက်က တိုကျိုရှိလမ်းတစ်လမ်းတွင် 3D မြေပုံစနစ်ထည့်သွင်း၍ မောင်းနှင်သော ကားတစ်စီးကို တွေ့ရစဉ် (Photo : AP)

မောင်းသူမဲ့ကားများအတွက် တိကျစွာ လမ်းညွှန်နိုင်သော ဒစ်ဂျစ်တယ်မြေပုံ တည်ဆောက်ရေးကို ဂျပန်နည်းပညာ ကုမ္ပဏီများက အပြိုင်အဆိုင် တည်ဆောက်နေကြသည်။ မစ်ဆူဘီရှီ အီလက်ထရစ် ကော်ပိုရေးရှင်းက ဦးဆောင်သော 3D မြေပုံကုမ္ပဏီ Dynamic Map Platform ကို ဂျပန်အစိုးရက အားပေးထောက်ခံနေသည်။

သစ်ပင်များနှင့် လမ်းသွားလမ်းလာများ ကဲ့သို့သော အသေးစိတ်ကို ပုံဖော်နိုင်သည့် ယင်း 3D မြေပုံသည် ၉ ဒသမ ၈ လက်မ (၂၅ စင်တီမီတာ) အတွင်းအထိ တိတိကျကျ လမ်းညွှန်နိုင်မည်ဖြစ်သည်။ သင်္ဘောများ၊ လေယာဉ်များနှင့် ယာဉ်မောင်းများက မိုဘိုင်းဖုန်းများမှတစ်ဆင့်ပို၍ အသုံးပြုလာသော ဂြိုဟ်တုအခြေပြု GPS စနစ်အတွက် 3D မြေပုံတိုးတက်မှုကြီးလည်း ဖြစ်မည်ဖြစ်သည်။ GPS စနစ်သည် ၆၅ ပေ (မီတာ ၂၀) အတွင်းကို အထူးသဖြင့် အဆောက်အအုံများ အတွင်းနှင့် မြေအောက်တွင် လမ်းညွှန်မှု မရနိုင်ပေ။

တိုးတက်လာသော မြေပုံနည်းပညာကို ဂိုဒေါင်များကဲ့သို့သော သီးခြားနေရာများတွင် ယာဉ်များအတွက် ဦးစွာအသုံးပြုဖွယ်ရှိကြောင်း မြေပုံကို တည်ဆောက်သူများက ပြောကြားခဲ့သည်။

ထို့ပြင် အလုံးစုံမောင်းသူမဲ့ မဟုတ်သော ယာဉ်များတွင် ယင်းမြေပုံစနစ်ကို အသုံးပြုကောင်း ပြုနိုင်ဖွယ်ရှိသည်။ Uber ၏မောင်းသူမဲ့ယာဉ် တစ်စီးသည် ပြီးခဲ့သည့် မတ်လက အမေရိကန်တွင် လမ်းသွားလမ်းလာ တစ်ဦးကို တိုက်မိခဲ့ပြီးနောက် မောင်းသူမဲ့ယာဉ်များအတွက် စိန်ခေါ်မှုများနှင့် အန္တရာယ်က အထူးကဏ္ဍတစ်ခု ဖြစ်လာခဲ့သည်။

မောင်းသူမဲ့ယာဉ်များသည် လူသားယာဉ်မောင်းများက ဆောင်ရွက်နိုင်သော အရှိန်ထိန်းခြင်း၊ ဘရိတ်ဖမ်းခြင်းနှင့် လမ်းကြောင်းထိန်းခြင်းတို့ကို ဆောင်ရွက်ရန်အတွက်  အာရုံခံကိရိယာများ၊ ရေဒါများ၊ ကင်မရာများနှင့် ကွန်ပျူတာဆော့ဖ်ဝဲများ လိုအပ်မည်ဖြစ်သည်။ လမ်းများသာမက လမ်းပြင်ဆင်နေမှုများ၊ အချက်ပြမီးများ၊ လမ်းဖြတ်ကူးမှုများ၊ အဆောက်အအုံများနှင့် ပတ်သက်၍ တိကျသော သတင်းအချက် အလက်များ ရရှိရန် မောင်းသူမဲ့ ယာဉ်များအတွက် အရေးကြီးမည်ဖြစ်သည်။

ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် အမှတ်အသားများဖြင့် သုံးဘက်မြင် ပုံဖော်ထားသော မြေပုံများတွင် သစ်ပင်များ၊ လမ်းများ၊ အချက်ပြ ဆိုင်းဘုတ်များ၊ အဆောက်အအုံများ၊ ကားများနှင့် လူသွားလူလာများကို ထည့်သွင်းထားမည်ဖြစ်သည်။ အာရုံခံ ကိရိယာများနှင့် ကင်မရာများ တပ်ဆင်ထားသော အထူးယာဉ်များက အချက်အလက်များကို စုဆောင်းမည်ဖြစ်သည်။ လတ်တလောတွင် အချက်အလက် စုဆောင်းသည့် ကားများပေါ်၌ ယာဉ်မောင်းများ ပါဝင်နေဦးမည် ဖြစ်သော်လည်း နောင်တစ်ချိန်တွင် မောင်းသူမဲ့ယာဉ်များက အချက်အလက် ကောက်ယူမှုကို ဆောင်ရွက်မည်ဖြစ်သည်။

“မောင်းသူမဲ့ ယာဉ်တွေအတွက် သုံးဘက်မြင် မြေပုံတွေက အလွန်ပဲ အရေးကြီးမှာပါ။ ကားတွေက သူတို့ရဲ့ တည်ရှိရာကို တိတိကျကျသိပြီး ရှေ့ခရီးမှာ ဘာတွေရှိသလဲ ဆိုတာကိုလည်း သိခွင့်ရမှာပါ” ဟု မစ်ဆူဘီရှီ အီလက်ထရစ်၏ အကြီးတန်းမန်နေဂျာ ယာဆူဟီဒေရှီဘာတာက ပြောကြားခဲ့သည်။

ဂျပန်သည် ယမန်နှစ်က လွှတ်တင်ခဲ့သော ဂြိုဟ်တုသုံးစင်း အပါအဝင် အစိုးရ၏ ဂြိုဟ်တုများမှနေ၍ တည်နေရာ အချက်အလက်များကို နိုဝင်ဘာလတွင် စတင်ရရှိမည်ဖြစ်သည်။

တိုကျိုအိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ ပြည့်နှစ်မတိုင်မီတွင် မောင်းသူမဲ့ကားများ အသုံးပြုနိုင်ရန် ဂျပန်က လိုလားနေသည်။ ဂျပန်သည် ၁၉၆၄ တိုကျိုနွေရာသီ အားကစားပွဲတော်တွင် ၎င်းတို့၏ ကျည်ဆန်ရထား နည်းပညာကို ကမ္ဘာကို ပြသခဲ့သူဖြစ်သည်။

သို့သော်လည်း မြေပုံနည်းပညာများကို ကမ္ဘာနှင့်အဝန်း ဆောင်ရွက်နေကြပြီဖြစ်သည်။ ဂျပန်ကား ကုမ္ပဏီများကပင် ပြည်တွင်းထက် နိုင်ငံတကာ ကုမ္ပဏီများ၏ မြေပုံနည်းပညာများကို ပူးပေါင်းဆောင်ရွက် နေကြသည်။ ဂျပန်မြေပုံထုတ်လုပ်ငန်း Zenrin သည် အမ်စတာဒမ်တွင် အခြေစိုက်သော Tom Tom  နှင့် ပူးပေါင်းဆောင်ရွက်နေသည်။

ဟွန်ဒါကားကုမ္ပဏီသည် ကယ်လီဖိုးနီးယား အခြေစိုက် Deep Map နှင့် ပူးပေါင်းဆောင်ရွက်နေသည်။ ဂျပန်ကား လမ်းညွှန်ကိရိယာ ထုတ်လုပ်မှုလုပ်ငန်း Pioneer က ပြီးခဲ့သည့်နှစ်တွင် HERE မြေပုံလုပ်ငန်းနှင့် ဖက်စပ်သဘောတူညီချက် လက်မှတ်ရေးထိုးထားသည်။

ဂျပန်အစိုးရက ကျောထောက်နောက်ခံ ပေးထားသော 3D မြေပုံလုပ်ငန်းကို မစ်ဆူဘီရှီ၏ အီလက်ထရွန်နစ် လုပ်ငန်းခွဲက ဦးဆောင်နေခြင်းဖြစ်ပြီး တိုယိုတာ၊ ဟွန်ဒါနှင့် နစ်ဆန်းတို့ အပါအဝင် ဂျပန်ကားကုမ္ပဏီ များကလည်း ထည့်ဝင်ရင်းနှီးမြှုပ်နှံထားသည်။

Ref : AFP

Most Read

Most Recent