တောင်ကိုရီးယားမှ LG Group ၏ ဥက္ကဋ္ဌဖြစ်သူ ကွယ်လွန်

တောင်ကိုရီးယားမှ LG Group ၏ ဥက္ကဋ္ဌဖြစ်သူ ကွယ်လွန်
Published 21 May 2018

LG Group ၏ ဥက္ကဋ္ဌဖြစ်သူ ကိုဘွန်မို

တောင်ကိုရီးယား ကော်ပိုရေးရှင်း လုပ်ငန်းကြီး LG Group ၏ ဥက္ကဋ္ဌဖြစ်သူ ကိုဘွန်မိုသည် အသက် ၇၃ နှစ်တွင် ဦးနှောက်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ကုမ္ပဏီအရာရှိများက မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ကိုဘွန်မို၏အဖိုးဖြစ်သူက ၁၉၄၇ ခုနှစ်တွင် တည်ထောင်ခဲ့သော LG Group အား ကိုဘွန်မိုက အီလက်ထရွန်နစ်ပစ္စည်းများ၊ ကွန်ပျုတာနှင့် ဓာတုပစ္စည်းများကို အဓိကထားထုတ်လုပ်ကာ စီးပွားရေးအင်အား ချဲ့ထွင်နိုင်ခဲ့ခြင်းကြောင့် အသိအမှတ်ပြုခံရသူ တစ်ဦးဖြစ်သည်။ ကိုဘွန်မိုသည် အသက် ၅၀ အရွယ် ၁၉၉၅ ခုနှစ်က LG Group ၏ တတိယမြောက် ဥက္ကဋ္ဌဖြစ်လာခြင်းဖြစ်သည်။

ကိုဘွန်မိုသည် LG Group တွင် နှစ် ၂၀ ကျော်ကြာ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ကုမ္ပဏီရောင်းအားမှာ ဆက်တိုက်ဆိုသလို တိုးတက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ရောင်းအား ဝမ် ၃၀ ထရီလျံရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ရောင်းအား ဝမ် ၁၆၀ ထရီလျံ (အမေရိကန် ဒေါ်လာ ၁၄၈ ဘီလျံ) အထိရှိခဲ့သည်။

ဦးနှောက်ခွဲစိတ်ကုသမှု ခံယူထားရသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီး ကိုဘွန်မိုသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ဆေးရုံသို့တင်ခဲ့ရသည်။ သို့သော် ကိုဘွန်မိုသည် အသက်ဆက်ရန် ဆေးကုသမှုများကို ငြင်းပယ်ခဲ့ကြောင်း ကုမ္ပဏီအရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

မိုသည် ၎င်း၏မွေးစားသားဖြစ်သူ ကိုကွမ်မိုအား မိသားစုအုပ်ချုပ်သော LG Group ကို ဦးဆောင်ပေးရန် တောင်းဆိုထားကြောင်း သတင်းများအရ သိရသည်။

အသက် ၄၀ အရွယ် ကိုကွမ်မိုဆိုသူသည် ဥက္ကဋ္ဌကိုဘွန်မို ညီငယ်ဖြစ်သူ၏ သားကြီးဖြစ်သည်။ ကိုဘွန်မို၏ သားအရင်းဖြစ်သူမှာ ၁၉၉၀ ခုနှစ်များ အတွင်းကဖြစ်ပွားခဲ့သော ကားမတော်တဆမှုတွင် သေဆုံးသွားခဲ့ပြီးနောက် ကိုဘွန်မိုက ၎င်း၏တူဖြစ်သူကို မွေးစားလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ကိုကွမ်မိုသည် LG အီလက်ထရွန်နစ်တွင် အကြီးတန်းအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပြီး LG ကော်ပိုရေးရှင်း၏ ရှယ်ယာ ၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

ယခုကဲ့သို့ ခေါင်းဆောင်အပြောင်းအလဲကြောင့် LG Group ၏ စီးပွားရေးတွင် အနှောင့်အယှက်အဟန့်အတား တစ်စုံတစ်ရာ ဖြစ်လိမ့်မည်မဟုတ်ဟု လေ့လာသူများက ခန့်မှန်းသုံးသပ်ခဲ့ကြသည်။

LG ကော်ပိုရေးရှင်းကို ထိန်းချုပ်ထားသော မိသားစုဝင်များ၏ အခွန်ရှောင်မှု စွဲချက်အပေါ် စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ယခုလအစောပိုင်းက LG ရုံးချုပ်ကို ဝင်စီးရှာဖွေမှုများပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယားအစိုးရရှေ့နေတို့က ပြောကြားခဲ့သည်။

ကိုဘွန်မို၏ဈာပနကို မိသားစု၏ တောင်းဆိုချက်အရ သီးသန့်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent