တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းစုပေါ်သို့ တရုတ်ဗုံးကြဲလေယာဉ်များ ပထမဆုံးအကြိမ် ဆင်းသက်

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းစုပေါ်သို့ တရုတ်ဗုံးကြဲလေယာဉ်များ ပထမဆုံးအကြိမ် ဆင်းသက်
Published 20 May 2018

ဆင်ဟွာသတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သော ဓာတ်ပုံတွင် တောင်တရုတ်ပင်လယ်ပြင်ပေါ်၌ ပျံသန်းနေသော တရုတ်ဗုံးကြဲလေယာဉ် H-6K တစ်စင်းကို တွေ့ရစဉ် (Photo: AP)

တောင်တရုတ်ပင်လယ်ရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသော ကျွန်းစုတစ်ခုပေါ်သို့ တရုတ်၏ ဗုံးကြဲလေယာဉ်များက ပထမဆုံးအကြိမ် ဆင်းသက်ခဲ့ရာ မဟာဗျူဟာအရ အလွန်အမင်းအရေးပါသော ရေပိုင်နက်နှင့် ပတ်သက်၍ နယ်နိမိတ်ထိစပ်နေသည့် နိုင်ငံများအကြား တင်းမာမှုကို တစ်ဖန်မြင့်တက်စေနိုင်ကြောင်း သိရသည်။

တာဝေးသွား၊ နျူကလီးယားပစ်ခတ်နိုင်သော H-6K အပါအဝင် ဗုံးကြဲလေယာဉ်မျိုးစုံသည် ပင်လယ်ပြင်တွင် ပစ်မှတ်များအား တစ်ပြိုင်နက် ပစ်ခတ်တိုက်ခိုက်သည့် လေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီးနောက် မည်သည့်နေရာဟု မသိရသည့် ကျွန်းစုတစ်ခု၏ လေယာဉ်ကွင်း၌ ဆင်းသက်ခြင်းနှင့် ပျံတက်ခြင်းလေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြောင်း တရုတ်လေတပ်က မေ ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုများတွင် ယင်းကဲ့သို့ ပျံတက်မှုနှင့် ဆင်းသက်မှုဆိုင်ရာ လေ့ကျင့်မှုများကြောင့် တရုတ်လေတပ်က ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား တုံ့ပြန်ဖြေရှင်းရာတွင် တိုက်ခိုက်ရေးစွမ်းရည်ကို အားကောင်းစေရန် အထောက်အကူဖြစ်စေမည်ဟု ထိုကြေညာချက်အား ကိုးကားလျက် ကာကွယ်ရေးကျွမ်းကျင်ပညာရှင် ဝမ်မင်းလျန်က ပြောကြားခဲ့သည်။

တရုတ်သည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကပါ ပိုင်ဆိုင်ကြောင်း အခိုင်အမာထုတ်ပြန်ထားသည့် စပရက်တလီကျွန်းစုရှိ စခန်းများတွင် သင်္ဘောဖျက်နှင့် ဝေဟင်မှ ဝေဟင်ပစ် ကာကွယ်ရေးစနစ်များကို တပ်ဆင်နေကြောင်း အမေရိကန်သတင်းကွန်ရက် CNBC က အမေရိကန်ထောက်လှမ်းရေးနှင့် နီးစပ်သော သတင်းရင်းမြစ်များအား ကိုးကားလျက် ထုတ်ပြန်ခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် တရုတ်က ယင်းကဲ့သို့ လေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသည် တောင်တရုတ်ပင်လယ်တွင် ဗုံးကြဲလေယာဉ်တစ်စင်းက ပထမဆုံးအကြိမ် ဆင်းသက်မှုဟု ယုံကြည်ကြောင်း မဟာဗျူဟာမြောက်နှင့် အပြည်ပြည်ဆိုင်ရာ လေ့လာမှုဆိုင်ရာစင်တာ (CSIS) မှ တရုတ်ကျွမ်းကျင်ပညာရှင် ဘွန်နေးဂလေဇာက Twitter တွင် ရေးသားခဲ့သည်။ ထိုလေယာဉ်များ ဆင်းသက်ခဲ့သည့်နေရာသည် ဗီယက်နမ်နှင့် ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်သည်ဟု အပြိုင်အဆိုင် ထုတ်ပြန်ထားသည့် ပါရာဆဲကျွန်းစုရှိ တရုတ်အကြီးဆုံးစခန်းဖြစ်သော ဝူဒီကျွန်းဖြစ်နိုင်ကြောင်း CSIS က ၎င်း၏ဝက်ဘ်ဆိုက်တွင် သုံးသပ်မှုကို ဖော်ပြခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်တွင် ၎င်းတို့ထိန်းချုပ်ထားသော ကျောက်တန်းများပေါ်တွင် မြေယာဖော်ထုတ်မှုကို နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး ပိုင်ဆိုင်မှု အငြင်းပွားသည့်နေရာ၌ အရပ်ဘက်နှင့် စစ်ဘက်သုံး အဆောက်အအုံများအား တည်ဆောက်ခဲ့သည်။ လေတပ်စခန်း၊ ရေဒါနှင့် ဆက်သွယ်ရေးစနစ်များ၊ ရေတပ်အဆောက်အအုံများအပါအဝင် စစ်ဘက်အဆောက်အအုံများ၊ စစ်လေယာဉ်များ ဆင်းသက်နိုင်မည့် လေယာဉ်ပြေးလမ်းများ အပါအဝင် ကာကွယ်ရေးအဆောက်အအုံများကိုလည်း တည်ဆောက်ခဲ့သည်။

Most Read

Most Recent