ကျူးဘားခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရာ လူ ၁၀၇ ဦးသေဆုံး

ကျူးဘားခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရာ လူ ၁၀၇ ဦးသေဆုံး
Published 20 May 2018

မေ ၁၈ ရက်က ဟာဗားနားတွင် လေယာဉ်ပျက်ကျခဲ့သည့်နေရာ၌ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေမှုများ ပြုလုပ်နေစဉ် (Photo: AP)

လူ ၁၁၀ ကျော်ကို တင်ဆောင်ထားသော သက်တမ်း ၃၉ နှစ်ရှိ ခရီးသည်တင် လေယာဉ်တစ်စင်းသည် မေ ၁၈ ရက်က ဟာဗားနားလေဆိပ်မှ ပျံတက်သွားပြီး ခဏအကြာ၌ ပီလောပီနံခင်းထဲသို့ပျက်ကျကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ဆယ်စုနှစ်သုံးခုကြာ ကာလအတွင်း ကျူးဘားတွင် အဆိုးရွားဆုံး လေယာဉ်ပျက်ကျမှု ဖြစ်လာသည့် ယခုဖြစ်စဉ်တွင် လူသုံးဦးသာ အသက်ရှင်ခဲ့သည်ဟု သက်ဆိုင်ရာအရာရှိများက ပြောကြားသည်။

ဘိုရင်း 737 လေယာဉ်သည် နိုင်ငံအရှေ့ပိုင်းရှိ ဟိုဂင်းမြို့သို့သွားရန် ဟာဗားနားရှိ ဟိုဆေးမာတီ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေယာဉ်ပြေးလမ်းအဆုံးမှ ပျံတက်သွားပြီး ခဏအကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ထို့နောက် မီးလောင်ကျွမ်းနေသော အပျက်အစီးများကို ငြှိမ်းသတ်ရန် မီးသတ်သမားများ အပြေးအလွှားရောက်လာခဲ့ကြသည်။

အဆိုပါလေယာဉ်အား မက္ကဆီကန်ကုမ္ပဏီ Global Air က ကျူးဘားအစိုးရလေကြောင်းလိုင်း Cubana de Aviacion သို့ အငှားချထားခြင်းဖြစ်သည်။ Global Air သည် ထိုလေယာဉ်ကိုငှားရန် လိုအပ်သည့် ခွင့်ပြုချက်များအားလုံးကို ရရှိထားပြီး လေယာဉ်ကို ယမန်နှစ် နိုဝင်ဘာကပင် စစ်ဆေးမှုများ ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသည် ၁၀၄ ဦးကို တင်ဆောင်ထားသော ထိုလေယာဉ်သည် ပျက်ကျမှုအတွင်း အလုံးစုံပျက်စီးသွားခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ လေယာဉ်အပျက်အစီးထဲမှ အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့သည့် အမျိုးသမီးသုံးဦးသာ အသက်ရှင်ကျန်ခဲ့သည်။ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူအများစုမှာ ကျူးဘားများဖြစ်ပြီး အာဂျင်တီးနားနှစ်ဦး အပါအဝင် နိုင်ငံခြားသားငါးဦးပါသည်ဟု သိရသည်။

လေယာဉ်ပျက်ကျမှု ဖြစ်စဉ်အတွင်း သေဆုံးခဲ့သူများအတွက် ကျူးဘားနိုင်ငံတွင် မေ ၁၉ ရက်မှစ၍ နှစ်ရက်ကြာ ဝမ်းနည်းကြေကွဲခြင်းနေ့အဖြစ် သတ်မှတ်ခဲ့သည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့်ပတ်သက်သော စုံစမ်းမှုများမှာမူ ပြုလုပ်နေဆဲဖြစ်ကြောင်း ဧပြီ ၁၉ ရက်မှ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတသစ် မီဂယ်ဒိုင်အက်စ်ကာနယ်က ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများကို ကူညီရန် မက္ကဆီကိုအစိုးရက အရပ်ဘက်လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူနှစ်ဦးကို စေလွှတ်ထားသည်။ ထိုလေယာဉ်ပေါ်တွင် လိုက်ပါသွားသော အမှုထမ်းခြောက်ဦးစလုံးမှာ မက္ကဆီကို နိုင်ငံသားများဖြစ်ကြသည်။

“ပေါက်ကွဲသံကြီးဟာ အရာအားလုံးကို တုန်ခါစေခဲ့ပါတယ်” ဟု လေဆိပ်အနီးတွင် နေထိုင်ပြီး လေယာဉ်ပျက်ကျသည်ကို တွေ့လိုက်ရသော ယာစနီယယ်ဒိုင်အက်စ် အမည်ရသော ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်မတိုင်မီ နောက်ဆုံးဖြစ်ပွားခဲ့သည့် ကျူးဘားလေယာဉ်မတော်တဆမှုသည် ၂၀၁၇ ခုနှစ် ဧပြီတွင် ရုရှားလုပ် AN-26 ပို့ဆောင်ရေးလေယာဉ်တစ်စင်းသည် နိုင်ငံအနောက်ပိုင်း၌ ပျက်ကျခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းရှစ်ဦး သေဆုံးခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာကလည်း ဆန်တီယာဂိုမှ ဟာဗားနားသို့ ပျံသန်းသည့် ကျူးဘားခရီးသည်တင် ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လိုက်ပါလာသူ ၆၈ ဦး သေဆုံးခဲ့သည်။

Most Read

Most Recent