အထီးကျန်ပြီး ပျက်စီးနေသော ဗင်နီဇွဲလားတွင် သမ္မတမာဒူရိုက ဒုတိယမြောက်သက်တမ်း ထမ်းဆောင်နိုင်ရန် ကြိုးပမ်း

အထီးကျန်ပြီး ပျက်စီးနေသော ဗင်နီဇွဲလားတွင် သမ္မတမာဒူရိုက ဒုတိယမြောက်သက်တမ်း ထမ်းဆောင်နိုင်ရန် ကြိုးပမ်း
Published 20 May 2018

မေ ၁၈ ရက်က သမ္မတနန်းတော်တွင် ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် ဆွေးနွေးပွဲ၌ ဗင်နီဇွဲလားသမ္မတ မာဒူရိုက စကားပြောနေစဉ် (Photo: AFP)

နိုင်ငံ၏ စီးပွားရေးပျက်စီးနေမှုနှင့် အပြည်ပြည်ဆိုင်ရာမှ ဖယ်ထုတ်ခြင်းတိုးမြှင့် ကြုံတွေ့ရမှုတို့ကို အရေးမစိုက်ဘဲ ဗင်နီဇွဲလား၏ ဆိုရှယ်လစ်သမ္မတ နီကိုလတ်စ်မာဒူရိုသည် အတိုက်အခံများက သပိတ်မှောက်ထားသည့် မေ ၂၀ ရက် အငြင်းပွားဖွယ် ရွေးကောက်ပွဲ၌ ဒုတိယမြောက် ခြောက်နှစ်သက်တမ်းကို ထမ်းဆောင်ခွင့်ရရန် ကြိုးစားနေသည်။

ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလို မေ ၁၈ ရက်တွင် မာဒူရို၏ သြဇာကြီးလက်ထောက်နှင့် ဆိုရှယ်လစ်ပါတီခေါင်းဆောင် ဒီရိုဒါဒိုကာဘယ်လိုအား ရာထူးကို အသုံးချလျက် မူးယစ်ဆေးမှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားပြုမှုနှင့် အခြားအကျင့်ပျက်ခြစားမှုတို့အတွက် ပိတ်ဆို့အရေးယူမှုများ ချမှတ်ကြောင်း အမေရိကန်က ကြေညာခဲ့သည်။

မေ ၁၇ ရက်တွင် မြို့တော်ကာရာကက်ရှိ ဘိုလီဗာရိပ်သာလမ်း၌ နောက်ဆုံးမဲဆွယ်မှုတွင် မာဒူရိုနှင့်အတူ အာဂျင်တီးနား ဂန္ထဝင်ဘောလုံးသမား ဒီယေဂိုမာရာဒိုနာလည်း ကူညီမဲဆွယ်ခဲ့သည်။ အသက် ၅၅ နှစ်ရှိပြီဖြစ်သော ဘတ်စ်ကားယာဉ်မောင်းဟောင်းဖြစ်သူ မာဒူရိုသည် ၎င်း၏ဆရာဖြစ်သော သမ္မတဟောင်း ဟူဂိုချားဗတ်ဇ်၏ ရုပ်ပုံပါသည့် အစိမ်းရောင်တီရှပ်ကို ဝတ်ဆင်လျက် မဲဆွယ်ခဲ့သည်။

လူထုသဘောထား စစ်တမ်းများတွင် ၎င်း၏ အဓိကပြိုင်ဘက် ဟင်နရီဖယ်ကွန်၏နောက်၌ ရပ်တည်ခဲ့သော်လည်း မာဒူရိုသည် အနိုင်ရရန် ရေပန်းစားနေသည်။ သို့သော် ငွေကြေးဖောင်းပွမှု တစ်ရှိန်ထိုးမြင့်တက်နေမှု၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများရှားပါးမှု၊ ရာဇဝတ်မှုများ မြင့်တက်လာမှု၊ ရေပေးဝေမှု၊ လျှပ်စစ်နှင့် ပို့ဆောင်ရေးကွန်ရက်များ ပျက်စီးနေမှုတို့အား ပြည်သူများက ဒေါသထွက်နေခြင်းကြောင့် မာဒူရို၏အစိုးရအား ထောက်ခံမှု အလွန်အမင်းကျဆင်းနေသည်။

လူထုသဘောထား စစ်တမ်းများအရ ဖယ်ကွန်သည် ထောက်ခံမှုရာခိုင်နှုန်း ၃၀ ဖြင့် ဦးဆောင်နေပြီး မာဒူရိုသည် ထောက်ခံမှုရာခိုင်နှုန်း ၂၀ သာရရှိထားသည်။ ဧဝံဂေလိအသင်းဝင် ကိုယ်စားလှယ်လောင်း ဇာဗီယာဘာတူစီကမူ ထောက်ခံမှု ၁၄ ရာခိုင်နှုန်း ရရှိထားသည်။ သို့သော် ရွေးကောက်ပွဲအား စိတ်ဝင်စားမှု အလွန်အမင်းကျဆင်းနေခြင်းကြောင့် မဲလာပေးသူ အရေအတွက်သည် ကျဆင်းဖွယ်ရှိပြီး မာဒူရိုသည် ပြည်သူများ၏ ကြီးမားသောတုံ့ပြန်မှု ကြုံတွေ့ရဖွယ်မရှိဘဲ ရလဒ်ကို ထိန်းချုပ်နိုင်မည်ဟု Eurasia Group မှ သုတေသီ ရီဆာဂရစ်တာဂိုးက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာနှင့် စစ်ဘက်ဆိုင်ရာ အာဏာပိုင်များအား အလွန်အမင်း ချုပ်ကိုင်ထားသော မာဒူရိုသည် သဘောထား အလွန်အမင်းကွဲပြားနေသည့် အတိုက်အခံများနှင့် ရင်ဆိုင်နေရသည်။ ပြည်သူများသည် ဆန္ဒပြမှုနှင့် ရွေးကောက်ပွဲကို အယုံအကြည်မဲ့သွားပြီဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် ရွေးကောက်ပွဲကို စိတ်မပါတော့ခြင်းဖြစ်ကြောင်း လေ့လာသူ ဟွမ်မန်နျူရယ်ရာဖယ်လီက ပြောကြားခဲ့သည်။

Most Read

Most Recent