အီရတ်ရွေးကောက်ပွဲတွင် ရှီအိုက်ဘာသာရေးခေါင်းဆောင် ဆာဒါး အနိုင်ရခဲ့သော်လည်း အစိုးရဖွဲ့နိုင်ရန် အလှမ်းဝေးနေ

အီရတ်ရွေးကောက်ပွဲတွင် ရှီအိုက်ဘာသာရေးခေါင်းဆောင် ဆာဒါး အနိုင်ရခဲ့သော်လည်း အစိုးရဖွဲ့နိုင်ရန် အလှမ်းဝေးနေ
Published 20 May 2018

မေ ၁၄ ရက်က ဘဂ္ဂဒက်တွင် ရွေးကောက်ပွဲကျင်းပစဉ်အတွင်း အောင်ပွဲခံနေသော အီရတ်အမျိုးသားများကို တွေ့ရစဉ် (Photo: AFP)

အီရတ်ရွေးကောက်ပွဲ၏ အပြီးသတ်ရလဒ်များကို မေ ၁၉ ရက်တွင် အတည်ပြုခဲ့ရာ အမျိုးသားရေးဝါဒီ ဘာသာရေးခေါင်းဆောင် မော့တာဒါဆာဒါးက နိုင်ငံတကာတွင် ထောက်ခံမှုရရှိထားသည့် ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်ဘာဒီကို အနိုင်ရရှိခဲ့သည်။

သို့သော် မဟာမိတ်များအတွက် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး အလားအလာသည် လမ်းပွင့်နေဆဲဖြစ်သည်။ ယခုရွေးကောက်ပွဲသည် ၂၀၀၅ ခုနှစ်တွင် ပထမဆုံးကျင်းပခဲ့သည့် ပါတီစုံရွေးကောက်ပွဲနောက်ပိုင်း မဲပေးသူ အနိမ့်ဆုံးဖြစ်ကာ ၄၄ ဒသမ ၅၂ ရာခိုင်နှုန်းမျှသာရှိခဲ့ပြီး မဲမပေးဘဲနေသူအများဆုံး ရွေးကောက်ပွဲအဖြစ် စံချိန်တင်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် အမေရိကန်ဦးဆောင်သည့် ဝင်ရောက်တိုက်ခိုက်မှုတွင် အာဏာရှင် ဆက်ဒမ်ဟူစိန် ကျရှုံးခဲ့ပြီးနောက် ပါလီမန်ကို ကွဲပြားစေရန် စံကိုက်ချိန်ညှိထားသော ရွေးကောက်ပွဲစနစ်တွင် မော့တာဒါဆာဒါး၏ Marching Towards Reform မဟာမိတ်အဖွဲ့သည် လာမည့်လေးနှစ်အတွက် အီရတ်ကို အုပ်ချုပ်ခွင့်ရရန် အလှမ်းဝေးနေသေးသည်။

ဝန်ကြီးချုပ်ဖြစ်ရန် ထည့်မတွက်ထားသည့် ဆာဒါးက အရေးပါသည့်ရာထူးများကို ထိန်းချုပ်သူဖြစ်ရန်နှင့် ပါတီတစ်ဒါဇင်မှ ပညာတတ်အစိုးရအဖွဲ့နှင့်အတူ ပြုပြင်မှုလုပ်ဆောင်ရန် မျှော်လင့်ထားသည်။

ညွန့်ပေါင်းအစိုးရအဖွဲ့ဖွဲ့ရန် စေ့စပ်ဆွေးနွေးမှုများကို အမေရိကန်နှင့် အီရန်တို့၏ ပါဝင်ပတ်သက်မှုနှင့်အတူ ရွေးကောက်ပွဲပြီးဆုံးခဲ့သည့် ပြီးခဲ့သည့်သီတင်းပတ်ကတည်းက စတင်ခဲ့သည်။ အမေရိကန်နှင့် အီရန်က တဇောက်ကန်းရှီအိုက်ခေါင်းဆောင်ကို ကန့်ကွက်ကြသည်။

ဆာဒါးက ရွေးကောက်ပွဲ အနိုင်ရခဲ့ကြောင်း အတည်မပြုနိုင်ခင်ကပင် အီရန်က ဆာဒါးကို အစိုးရဖွဲ့ခွင့် တားဆီးနိုင်ရန် ကြိုးပမ်းသော အစည်းအဝေးအများအပြားကို ကျင်းပခဲ့ပြီးဖြစ်သည်။ အီရန်သည် သြဇာကြီးသော ဗိုလ်ချုပ်ကြီး ကက်ဆန်ဆူလေမန်နီကို ဘဂ္ဂဒက်သို့ စေလွှတ်ခဲ့သည်။ ဆူလေမန်နီသည် အီရတ်ဝန်ကြီးချုပ်များဖြစ်သည့် အဘာဒီနှင့် နျူရီအယ်မာလီကီတို့ကို အကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးသူဖြစ်သည်။ ယမန်နှစ်က အီရန်၏ပြိုင်ဘက် ဆော်ဒီအာရေဗျသို့ ဆာဒါးက သွားရောက်ခဲ့ပြီးနောက် ဆူလေမန်နီက ဆာဒါးနှင့် မဟာမိတ်ဖွဲ့စည်းမှုကို ပယ်ချထားကြောင်း တာဝန်ရှိသူများက ဆိုသည်။

လူကြိုက်များသည့် ရှီအိုက်တရားဟောဆရာနှင့် အီရတ်ကွန်မြူနစ်များ၏ မဟာမိတ်အဖွဲ့သည် အမတ်နေရာ ၅၄ နေရာရရှိခဲ့သည်။ IS နှိမ်နင်းသည့် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့များမှ တိုက်ခိုက်ရေးသမားဟောင်းများနှင့် ဖွဲ့စည်းထားသည့် Conquest Alliance က အမတ်နေရာ ၄၇ နေရာဖြင့် အမတ်နေရာ ၄၂ နေရာရရှိခဲ့သည့် အဘာဒီဦးဆောင်သော Victory Alliance အဖွဲ့ကိုကျော်တက်ပြီး ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

ဆာဒါးသည် အမေရိကန် ကျူးကျော်ဝင်ရောက်ချိန်တွင် ၎င်း၏ ပြည်သူ့စစ်များက အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုတွင် ထင်ရှားလာခဲ့သည်။

နှစ်ပေါင်းများစွာ ဘေးမှထိုင်ခဲ့ပြီးနောက် ဆာဒါးသည် ဆင်းရဲသားများကို ရပ်တည်ကာကွယ်ပေးသူတစ်ဦးအဖြစ် ပြန်လည်ထွက်ပေါ်ခဲ့ပြီး ခြစားမှုများကို တိုက်ဖျက်ရန် လောကီသီးသန့်ဝါဒီများနှင့် ချိတ်ဆက်ခဲ့သည်။ ရွေးကောက်ပွဲရလဒ်သည် ပြုပြင်ပြောင်းလဲမှုများက အနိုင်ရရှိခဲ့ပြီး ခြစားမှုအားနည်းလာသည်ကို ပြသခဲ့သည်ဟု ဆာဒါးက Twitter တွင် ကြေညာခဲ့သည်။

Most Read

Most Recent