မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ နေအိမ်များမှ ရှာဖွေမှုတွင် အကောင်းစား လက်ကိုင်အိတ်များ၊ ငွေကြေးမျိုးစုံနှင့် လက်ဝတ်ရတနာများကို သိမ်းဆည်းရမိ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ နေအိမ်များမှ ရှာဖွေမှုတွင် အကောင်းစား လက်ကိုင်အိတ်များ၊ ငွေကြေးမျိုးစုံနှင့် လက်ဝတ်ရတနာများကို သိမ်းဆည်းရမိ
Published 19 May 2018

မေ ၁၈ ရက်က ကွာလာလမ်ပူရှိ ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ တိုက်ခန်းများမှ သိမ်းဆည်းရမိသော သေတ္တာများအား ရဲများက သယ်ဆောင်နေစဉ် (Photo: AFP)

မကောင်းသတင်း ထွက်နေသော ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်နှင့်ဆက်စပ်လျက်ရှိသည့် နေအိမ်များနှင့် ရုံးခန်းများကို စီးနင်းရှာဖွေရာတွင် ငွေသား၊ လက်ဝတ်ရတနာတို့နှင့် ပြည့်နေသော နာမည်ကျော်  ဒီဇိုင်နာထုတ် လက်ကိုင်အိတ်အမြောက်အမြားကို မလေးရှားရဲများက သိမ်းဆည်းခဲ့ သည်ဟု ပြည်တွင်းမီဒီယာတွင် မေ ၁၈ ရက်က ဖော်ပြခဲ့သည်။

ဝင်ရောက်စီးနင်းသည့် နေရာတစ်ခုတွင် သိမ်းဆည်းရမိသော ပစ္စည်းများ၏ တန်ဖိုးသည် များပြားလွန်းအားကြီးသောကြောင့် တန်ဖိုးကို ချက်ချင်းခန့်မှန်းရန် မဖြစ်နိုင်ကြောင်း  မလေးရှား ကုန်သွယ်ရာဇဝတ် စုံစမ်းရေးရဲတပ်ဖွဲ့၏ အကြီးအကဲ အာမာဆင်းက မေ ၁၈ ရက်တွင် မီဒီယာကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့အဖွဲ့က ရဲတွေဟာ အဲ့ဒီအိတ်တွေကို စစ်ဆေးခဲ့ပါတယ်။ ခရီးဆောင်အိတ် ၇၂  လုံးထဲကနေ မလေးရှားရင်းဂစ်၊ အမေရိကန်ဒေါ်လာ အပါအဝင် ငွေကြေးအမျိုးမျိုး၊ နာရီတွေနဲ့ လက်ဝတ်ရတနာတွေ ကိုရှာတွေ့ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

နာဂျစ်အား ဖမ်းဆီးရုံးတင်မည်ဟု ကတိပြုထားမှုကို အသက် ၉၂ နှစ်ရှိ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက် ဦးဆောင်သော အစိုးရသစ်က ကတိပြုခဲ့သည့် မေ ၁၆ ရက် နှောင်းပိုင်းမှစ၍ ရဲများက နာဂျစ်၏ အိမ်နှင့် အခြားနေရာများကို ပိုက်စိပ်တိုက် စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။ ရဲများသည် စီးနင်းရှာဖွေမှုများကို နာရီ ၂၀ ကြာ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး နာဂျစ်၏ကွန်ဒိုထဲမှ ယခုကဲ့သို့ သေတ္တာများ၊ ပစ္စည်းများကို သိမ်း ဆည်းခဲ့ကြခြင်း ဖြစ်သောကြောင့် နာဂျစ်နှင့် သူ၏ဇနီးကို မကြာမီ ဖမ်းဆီးတော့မည်ဟု သတင်းများ ကျယ်ပြန့် စွာ ထွက်ပေါ်ခဲ့သည်။ နာဂျစ်တို့ ဇနီးမောင်နှံသည် နိုင်ငံခြားသို့ သွားရောက်ခြင်းမှ ပိတ်ပင်ခံထားရသည်။

သိမ်းဆည်းခဲ့သော ပစ္စည်းများထဲတွင် ဟာမက်စ်၊ ဘာကင်နှင့် လူးဝစ်ဗျူတန်လက် ကိုင်အိတ်များပါဝင်ခဲ့သည်ဟု အာမာဆင်းက ပြောကြားခဲ့သည်။ နာဂျစ်၏ ဇနီးသည် ဘာကင်အိတ်များကို အထူးနှစ်ခြိုက်သူဖြစ် ပြီး အဆိုပါအိတ်များ၏ ဈေးနှုန်းမှာဒေါ်လာ ၁၂၀၀၀ မှဒေါ်လာ ၂၀၀၀၀၀ အထိရှိသည်ဟု ဆိုသည်။

အရွယ်အစား အမျိုးမျိုးရှိသော ခရီးဆောင်အိတ်များနှင့် လက်ကိုင်အိတ်များ ပါဝင်သော လိမ္မော်ရောင်သေတ္တာကြီးများကို ရဲများက ကွန်ဒိုထဲမှ တွန်းထုတ်လာသည်ကို ရုပ်သံပြကွက်တွင် မြင်တွေ့ခဲ့ရသည်။ သေတ္တာများပေါ်တွင် စိန်ပါသည့် အပြာရောင် မိကျောင်းသားရေ၊ စိန်ပါသည့် မီးခိုး ရောင်မိကျောင်းသားရေတို့ဖြင် ပြုလုပ်ထားသော တံဆိပ်မျာကို မြင်တွေ့ခဲ့ရသည်။ ၎င်းတို့သည် အသစ်ပုံစံ ပေါက်နေကြပြီး ၂၀၁၃ နှင့်၂၀၁၅ တို့တွင် ပါရီနှင့် ဆွစ်ဇာလန်တို့ အပါအဝင် နိုင်ငံခြားမှ ဝယ်ယူခဲ့ခြင်းဖြစ် နိုင်ဟုယူဆရသည်။ နာမည်ကျော်  ဒီဇိုင်နာထုတ် လက်ကိုင်အိတ်၂၈၄ လုံးနှင့် ခရီးဆောင် လက်ဆွဲသေတ္တာ ၇၂ ခုတို့ကိုလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။

ယခု သိမ်းဆည်းမှုသည် အမေရိကန် နှင့် အခြားသော နိုင်ငံများကပါ စုံစမ်းစစ်ဆေးလျက်ရှိသည့် နိုင်ငံပိုင်ရန်ပုံငွေ လာဘ်စားမှုအရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ဆင်းက ပြောကြားခဲ့သည်။

Most Read

Most Recent