နယူးယောက်တွင် အဆိုးရွားဆုံး မီးလောင်မှုဖြစ်စဉ်၌ လူ ၁၂ ဦး သေဆုံး

နယူးယောက်တွင် အဆိုးရွားဆုံး မီးလောင်မှုဖြစ်စဉ်၌ လူ ၁၂ ဦး သေဆုံး
Published 30 December 2017

ဒီဇင်ဘာ ၂၈ ရက်က Bronx တွင် မီးလောင်နေမှုအား ငြှိမ်းသတ်နေကြစဉ် (Photo: AP)

နယူးယောက်တွင် ဆယ်စုနှစ်များစွာအတွင်း လူသေဆုံးမှု အများဆုံးမီးလောင်မှုအဖြစ် ဒီဇင်ဘာ ၂၈ ရက်တွင် Bronx တိုက်ခန်းအဆောက်အအုံတွင် မီးလောင်မှုကြောင့် လမ်းလျှောက်တတ်ခါစ ကလေးတစ်ဦး အပါအဝင် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။

အမေရိကန်ဘဏ္ဍာရေးမြို့တော်တွင် ကမ္ဘာလှည့်ခရီးသွားများအကြား ထင်ရှားသော နေရာတစ်ခုဖြစ်သည့် Bronx Zoo အနီး တိုက်ခန်း ၂၅ ခန်းရှိသည့်အဆောက်အအုံတွင် ဒေသစံတော်ချိန် ည ၆ နာရီ ၅၁ မိနစ်၌ မီးစတင်လောင်ခဲ့ခြင်းဖြစ်သည်။ ရာသီဥတု အလွန်အမင်းအေးနေချိန်တွင် မီးဘေးသင့်သူများအား ကြက်ခြေနီများက စောင်များဝေပေးခဲ့ပြီး အရေးပေါ်အခြေအနေ တုံ့ပြန်ဖြေရှင်းသူများက အနီးရှိ ကျောင်းတစ်ကျောင်းတွင် ယာယီခိုလှုံစရာ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လူဦးရေ ၈ ဒသမ ၅ သန်းရှိသော နယူး ယောက်တွင် မိသားစုများ ဆုံတွေ့ပြီး ခရစ်စမတ်နှင့် နယူးရီးယားပွဲတော်များအတွက် ပြင်ဆင်နေချိန်တွင် ယင်းမီးလောင်မှုသည် မပြောပြနိုင်လောက်သော အဖြစ်ဆိုးဖြစ်ကြောင်း နယူးယောက်မြို့တော်ဝန် ဘီဒီဘလာစီယိုက ပြောကြားခဲ့သည်။ ယင်းမီးလောင်မှုအတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူ လေးဦး၏အခြေအနေသည် စိုးရိမ်ရပြီး အခြားလူများလည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Prospect ရိပ်သာလမ်းရှိ ယင်းအဆောက်အအုံ၏ ပထမထပ်တွင် မီးစတင်လောင်ခဲ့ခြင်း ဖြစ်ပြီး ငါးလွှာရှိ ယင်းအဆောက်အအုံတစ်ခုလုံးကို အလျင်အမြန်မီးကူးခဲ့ကြောင်း၊ မီးသတ်သမားများသည် သုံးမိနစ်အတွင်း မီးလောင်ရာသို့ ရောက်ရှိခဲ့ကြောင်း မီးသတ်ဌာန အကြီးအကဲ ဒန်နီရယ်နီဂရိုးက ပြောကြားခဲ့သည်။

သေဆုံးသူများအနက် နှစ်ဦးအား ရေအပြည့်ဖြည့်ထားသော ရေချိုးကန်ထဲတွင် တွေ့ရှိခဲ့ရကြောင်း၊ ၎င်းတို့သည် မီးလောင်မှုမှ သက်သာရာရစေရန် ကြိုးပမ်းခဲ့ဖွယ်ရှိကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို မှတ်ချက်ပြုရန် စောလွန်းနေသေးကြောင်း နီဂရိုးက ပြောကြားခဲ့သည်။

Most Read

Most Recent