ပင်လယ်ညစ်ညမ်းမှုများကို ဖြေရှင်းရန် ဘာလီက အမှိုက်အရေးပေါ် အခြေအနေ ကြေညာခဲ့

ပင်လယ်ညစ်ညမ်းမှုများကို ဖြေရှင်းရန် ဘာလီက အမှိုက်အရေးပေါ် အခြေအနေ ကြေညာခဲ့
Published 29 December 2017

ဒီဇင်ဘာ ၁၉ ရက်က ဘာလီကျွန်းစုရှိ ကူတာကမ်းခြေတွင် အမှိုက်များအား ရှင်းလင်းနေကြစဉ် (Photo - AFP)

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၏ ကူတာကမ်းခြေသည် ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားနေသည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း ကမ်းခြေ၏ ရွှေရောင်သဲသောင် ကမ်းတစ်လျှောက်သည် တောင်လိုပုံနေသော အမှိုက်များအောက်တွင် ပျောက်ကွယ်လာနေသည်။

ပလတ်စတစ်အမှိုက်များ၊ အစားအသောက်ထုပ်ပိုးမှု စွန့်ပစ်ပစ္စည်းများက ရေလှိုင်းနှင့်အတူ ကမ်းခြေတွင် လာရောက်စုပုံနေကြသည်။

“ကျွန်တော် ရေကူးချင်လာရင် ကမ်းခြေက တကယ်ကို  စိတ်ပျက်စရာပါ။ အမှိုက်တွေ နေ့တိုင်း အချိန်တိုင်း တွေ့နေရပါတယ်” ဟု  သြစတြီးယားခရီးသွား ဘာနစ်ဆာမွန်းရှိုင်းက ပြောကြားခဲ့သည်။ ကမ္ဘာမြေပေါ်ရှိ ကောင်းကင်ဘုံဟု တင်စားခံရသော အင်ဒိုနီးရှား၏ အပန်းဖြေကျွန်း ဘာလီသည် နိုင်ငံ၏ အမှိုက်ပြဿနာအတွက် နမူနာပြနေရာတစ်ခု ဖြစ်လာခဲ့သည်။

ကျွန်းပေါင်း ၁၇၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော အင်ဒိုနီးရှားသည် တရုတ်ပြီးလျှင် ကမ္ဘာတွင် အဏ္ဍဝါအမှိုက်အများဆုံး စွန့်ပစ်သည့်နေရာ ဖြစ်သည်။ အင်ဒိုနီးရှားက နှစ်စဉ်ထုတ်လုပ်နေသော အမှိုက်သည် တန် ၁ ဒသမ ၂၉ သန်းရှိသည်ဟု ခန့်မှန်းထားသည်။ ပလတ်စတစ်အမှိုက်များက မြစ်များနှင့် သမုဒ္ဒရာများအတွင်းသို့ စုပြုံရောက်ရှိခဲ့ပြီးနောက် မြို့များတွင် ရေလမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ ရေကြီးမှု အန္တရာယ်မြင့်တက်ခြင်း၊ ရေနေသတ္တဝါများကို သေဆုံးစေခြင်းတို့ ဖြစ်စေခဲ့သည်။ ထို့ကြောင့် ဘာလီသည် ၃ ဒသမ ၇ မိုင်ရှည်လျားသော ကမ်းခြေတစ်လျှောက်တွင် အမှိုက်အရေးပေါ်အခြေအနေကို ပြီးခဲ့သည့် လက ကြေညာခဲ့သည်။

အမှိုက်တန် ၁၀၀ ခန့်ကို ဖယ်ရှားရန်အတွက် သန့်ရှင်းရေးဝန်ထမ်း ၇၀၀ နှင့် ထရပ် ကား ၃၅ စီးတို့ကို နေ့စဉ်တာဝန်ချထားကြောင်း ထို့နောက် ကမ်းခြေအနီးရှိ ဖို့မြေကို သွားရောက်စုပုံကြရသည်။ ဘာလီ၏ အမှိုက်ပြဿနာသည် မုတ်သုံရာသီကာလတွင် အဆိုးဆုံးဖြစ်ပြီး လေပြင်းများက ပင်လယ်ရေမျော ကမ်းတင်များကို ကမ်းခြေသို့ ဆောင်ယူလာခဲ့ပြီး ရေတက်လာသည့် မြစ်များက မြစ်ကမ်းများမှ အမှိုက်များကို ကမ်းရိုးတန်းသို့ ပို့ခဲ့ကြောင်း ဒေသခံသဘာဝပတ်ဝန်းကျင် အေဂျင်စီက ပြောကြားခဲ့သည်။

သမုဒ္ဒရာများကို ညစ်ညမ်းစေသည့် ပလတ်စတစ်အမှိုက်များအား ဟန့်တားရန်အတွက် ရည်ရွယ်သည့် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏ ပင်လယ်များ သန့်ရှင်းရေးလှုပ်ရှားမှုတွင် ပါဝင်သော နိုင်ငံ ၄၀ တွင် အင်ဒိုနီးရှား ပါဝင်သည်။

ယင်းလှုပ်ရှားမှုက ၂၀၂၅ မတိုင်မီတွင် ပင်လယ်အတွင်းမှ ပလတ်စတစ်အမှိုက်များကို ရာခိုင်နှုန်း ၇၀ ထိ လျှော့ချရန် သက်ဆိုင်ရာ အစိုးရများက ကတိပြုထားသည်။

Ref; AFP