ဆိုင်ကလုန်းမုန်တိုင်းကြီး တိုက်ခတ်ပြီးနောက် တစ်လအကြာတွင် လူ ၆၆၀ ကျော် ပျောက်ဆုံးနေဆဲဟု အိန္ဒိယပြောကြား

ဆိုင်ကလုန်းမုန်တိုင်းကြီး တိုက်ခတ်ပြီးနောက် တစ်လအကြာတွင် လူ ၆၆၀ ကျော် ပျောက်ဆုံးနေဆဲဟု အိန္ဒိယပြောကြား
Published 29 December 2017

ဒီဇင်ဘာ ၅ ရက်က မွမ်ဘိုင်းတွင် ကမ်းခြေတစ်ခု၌ တွေ့ရသော ငါးဖမ်းလှေများ (Photo - AFP)

အိန္ဒိယတောင်ဘက် ကမ်းရိုးတန်းနှင့် သီရိလင်္ကာ၏ နေရာအချို့ကို ဝင်ရောက်တိုက်ခတ်သွားခဲ့သော ဆိုင်ကလုန်း အော်ခီသည် အိန္ဒိယမှ ထွက်ခွာသွားခဲ့ပြီးနောက် တစ်လနီးပါးရှိခဲ့ပြီဖြစ်သော်လည်း ငါးဖမ်းသမား ၆၆၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အိန္ဒိယက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်က သီရိလင်္ကာတွင် အစပြုခဲ့သော အော်ခီဆိုင်ကလုန်းသည် အိန္ဒိယကို ဝင်ရောက်ခဲ့ပြီးနောက် လူ ၂၅၀ ကျော် သေဆုံးစေခဲ့သည်။ လေတိုက်နှုန်း တစ်နာရီမိုင် ၈၀ ထိရှိခဲ့သော ယင်းမုန်တိုင်းက  သစ်ပင်များကို လဲပြိုစေခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုင်းနှင့် တယ်လီဖုန်းလိုင်းများကိုလည်း ပျက်စီးစေခဲ့သည်။ ယင်းမုန်တိုင်းပြီးနောက် တစ်လအကြာတွင် ပျောက်ဆုံးနေသူ ငါးဖမ်းသမား ၆၆၁ ဦးရှိကြောင်း အိန္ဒိယကာကွယ် ရေးဝန်ကြီးက ပါလီမန်တွင် ပြောကြားခဲ့သည်။

တမီနာဒူပြည်နယ်မှ ငါးဖမ်းသမား ၄၀၀ ကျော်နှင့် ကေရာလာပြည်နယ်မှ နောက်ထပ် ငါးဖမ်းသမား ၂၆၁ ဦးသည် ပျောက်ဆုံးနေဆဲဟု ကာကွယ်ရေးဝန်ကြီး နီရာမာလာဆီဌာရာမန်က ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက်ထိ ကယ်ဆယ်နိုင်ခဲ့သူ ၈၄၅ ဦးရှိကြောင်း  ၎င်းက ပါလီမန်ကို ပြောကြားခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ထွန်းခဲ့သော ဆိုင်ကလုန်းအာခီသည် သီရိလင်္ကာကို ဝင်ရောက်ခဲ့စဉ် ၂၇ ဦးကို သေဆုံးစေခဲ့သည်။ ထို့နောက် အိန္ဒိယတောင်ပိုင်းကို ဝင်ရောက်ပြီး အာခီသည် အာရေဗျပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

Ref; AFP

Most Read

Most Recent