ကဘူးတွင် ပေါက်ကွဲမှုများကြောင့် လူ ၄၀ ထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရ

ကဘူးတွင် ပေါက်ကွဲမှုများကြောင့် လူ ၄၀ ထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရ
Published 29 December 2017

ဒီဇင်ဘာ ၂၈ ရက်က ကဘူးတွင် အသေခံတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နေရာ အပြင်ဘက်သို့ ရောက်ရှိလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များ (Photo - AP)

အာဖဂန်နစ္စတန်၏မြို့တော် ကဘူးရှိ ရှီအိုက်ယဉ်ကျေးမှုစင်တာတစ်ခုတွင် ဒီဇင်ဘာ ၂၈ ရက်၌ ပေါက်ကွဲမှုများစွာဖြစ်ပွားခဲ့ရာ လူ ၄၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ရာ ကဘူးတွင် လူသေဆုံးမှုရှိသည့် နောက်ဆုံးအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် တာဝန်ရှိကြောင်း ထုတ်ပြန်သူမရှိသေးပေ။ ပစ်မှတ်ထားခံရဖွယ်ရှိသည်ဟု အစောပိုင်းတွင် သတင်းများဖော်ပြခဲ့သည့် Afghan Voice Agency အနီး ဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်မှုများ၌ ပါဝင်ခြင်းမရှိကြောင်း တာလီဘန်အဖွဲ့က အလျင်အမြန်ပင် ငြင်းဆိုခဲ့သည်။

ယင်းပေါက်ကွဲမှုများသည် ရှီအိုက်တာဘာယန် ယဉ်ကျေးမှုစင်တာအား ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် နဆရတ်ရာဟီမီက ပြောကြားခဲ့သည်။ အာဖဂန်အား ဆိုဗီယက်တပ်များက ကျူးကျော်မှု ၃၈ နှစ်ပြည့် အခမ်းအနားကိုကျင်းပနေစဉ် အဓိက ပေါက်ကွဲမှုကြီးတစ်ခုနှင့် လူသေဆုံးမှုမရှိသော အသေးစားပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

လတ်တလောတွင် သေဆုံးသူ ၄၀ နှင့် ဒဏ်ရာရသူ ၃၀ ခန့်ရှိပြီး ထပ်မံမြင့်တက်လာဖွယ် ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ကဘူးရှိ အာဖဂန်ထောက်လှမ်းရေး အေဂျင်စီဝင်းအနီး အသေခံဗုံးခွဲမှုတစ်ခုကြောင့် လူခြောက်ဦးသေဆုံးခဲ့ရပြီးနောက် ရက်ပိုင်းအတွင်း အဆိုပါပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းအသေခံဗုံးခွဲမှုတွင် တာဝန်ရှိကြောင်း IS အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသမှ ဂျီဟတ်အဖွဲ့ IS က ၂၀၁၅ ခုနှစ်တွင် စတင်ပေါ်ထွက်လာခဲ့ပြီးနောက်ပိုင်း အာဖဂန်၌ ခြေကုပ်များ ရရှိလာပြီး လုံခြုံရေးအဆောက်အအုံများနှင့် လူနည်းစုရှီအိုက်များအပါအဝင် ကဘူးတွင် တိုက်ခိုက်မှုများအား တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

မေ ၃၁ ရက်ကလည်း ကဘူးရှိ သံတမန်ရပ်ကွက်တွင် ကြီးမားသော ထရပ်ကားဗုံး ပေါက်ကွဲခဲ့မှုကြောင့် အရပ်သားအများစု ပါဝင်သော လူ ၁၅၀ ခန့် သေဆုံးခဲ့ရပြီး အခြား လူ ၄၀၀ ခန့် ဒဏ်ရာရစေခဲ့သည့် တိုက်ခိုက်မှုအပြီး ကဘူးတွင် လုံခြုံရေးကို တိုးမြှင့်ထားခဲ့ကြောင်း သိရသည်။

အာဖဂန်မီဒီယာများသည် ယခင်က စစ်သွေးကြွများ၏ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး စစ်ကြောင့်ပျက်စီးနေသော အာဖဂန်တွင် ဂျာနယ်လစ်များ ရင်ဆိုင်နေရသည့် အန္တရာယ်များကို မီးမောင်းထိုးပြခဲ့သည်။

ပြီးခဲ့သောနိုဝင်ဘာတွင် ကဘူးရှိ အာဖဂန်ရုပ်သံ Shamshad အား တိုက်ခိုက်မှုတစ်ခုတွင် လူတစ်ဦးထက်မနည်း သေဆုံးခဲ့ရပြီး အခြားလူဒါဇင်ခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုတွင် တာဝန်ရှိသည်ဟု IS အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Ref ; AFP

Most Read

Most Recent