အရှုပ်တော်ပုံများဖြစ်ပွားခဲ့ပြီးနောက် လိုအပ်ချက်ကြီးမားနေသော ဟောင်ကောင်သို့ ကမ္ဘောဒီးယားက အိမ်အကူများစေလွှတ်

အရှုပ်တော်ပုံများဖြစ်ပွားခဲ့ပြီးနောက် လိုအပ်ချက်ကြီးမားနေသော ဟောင်ကောင်သို့ ကမ္ဘောဒီးယားက အိမ်အကူများစေလွှတ်
Published 29 December 2017

ဒီဇင်ဘာ ၂၇ ရက်က ဟောင်ကောင်သို့ ထွက်ခွာမည့် ကမ္ဘောဒီးယားအိမ်အကူများအား ဖနွမ်းပင်လေဆိပ်၌ တွေ့ရစဉ် (Photo - AFP)

အရှုပ်တော်ပုံများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ကြီးထွားလာနေသော အိမ်အကူ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ရုန်းကန်နေရသည့် ဟောင်ကောင်သို့ ဒီဇင်ဘာ ၂၇ ရက်တွင် ကမ္ဘောဒီးယားက အိမ်အကူများ စတင်စေလွှတ်ခဲ့ကြောင်း သိရသည်။

ဟောင်ကောင်တွင် နိုင်ငံခြားမှ လာရောက်လုပ်ကိုင်သည့် အိမ်အကူ ၃၀၀၀၀၀ ကျော်ရှိပြီး အများစုသည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားမှ ဖြစ်သည်။ သို့သော်လည်း မကြာသေးခင်နှစ်များအတွင်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် အတင်းအကျပ် စေခိုင်းမှုတို့ကြောင့် ဟောင်ကောင်သို့ နိုင်ငံခြားသားအိမ်အကူများ ဝင်ရောက်မှုကို အဟန့်အတား ဖြစ်သွားစေခဲ့သည်။

ထို့ကြောင့် ဟောင်ကောင်သည် တစ်လလျှင် အနိမ့်ဆုံးလုပ်ခ ဒေါ်လာ ၁၀၀ ခန့်သာ ပျမ်းမျှရှိသည့် အာရှအဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားသို့ ဦးလှည့်လာခဲ့သည်။ ဟောင်ကောင်တွင် သက်ကြီးရွယ်အိုလူဦးရေ အလျင်အမြန် တိုးပွားလာနေပြီး ချမ်းသာသူများကြား အိမ်အကူ လိုအပ်ချက်က မြင့်တက်နေခဲ့သည်။

စမ်းသပ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဟောင်ကောင်တွင် သွားရောက်လုပ်ကိုင်မည့် ကမ္ဘောဒီးယားအိမ်အကူများကို ရှာဖွေစုဆောင်းရန်အတွက် အလုပ်အကိုင် အေဂျင်စီ ခြောက်ခုကို သြဂုတ်လတွင် ကမ္ဘောဒီးယားအစိုးရက ခွင့်ပြုပေးခဲ့သည်။

ဟောင်ကောင်တွင် လုပ်ကိုင်ရန်အတွက် ကန်တုံဘာသာစကား သင်ကြားမှုအပါအဝင် အခြားအခြေခံကျွမ်းကျင်မှုများကို သင်ယူခဲ့ပြီးနောက် ကမ္ဘောဒီးယား အမျိုးသမီး ၁၄ ဦးသည် ဒီဇင်ဘာ ၂၇ ရက်တွင် ဟောင်ကောင်သို့ ပထမအသုတ် သွားရောက်ခဲ့ကြသည်။

ကမ္ဘောဒီးယားတွင် ကိုးနှစ်အရွယ်သမီးဖြစ်သူကို ချန်ထားခဲ့ပြီး သွားရောက်လုပ်ကိုင်ရသည့် ဆုံးဖြတ်ချက်က နာကျင်ခံစားရကြောင်း အသက် ၃၀ အရွယ် ဆိတ်မာလေဆိုသူ အမျိုးသမီးက ပြောကြားခဲ့သည်။

မာလေသည် ဟောင်ကောင်တွင် နှစ်နှစ်စာချုပ်ဖြင့် လုပ်ကိုင်ရမည်ဖြစ်ပြီး တစ်လလျှင် ဒေါ်လာ ၅၅၀ ရရှိမည်ဖြစ်သည်။ အိမ်အကူများနှင့်အတူ ဟောင်ကောင်သို့ သွားရောက်ခဲ့သည့် ကမ္ဘောဒီးယား အလုပ်သမားရေးရာဌာန ဒုဥက္ကဋ္ဌ အန်ဂိုရစ်က ဟောင်ကောင်တွင် အိမ်အကူများအတွက် စိုးရိမ်မှုများအား ဖြေရှင်းပေးရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားသည် လာမည့်နှစ်တွင် ဟောင်ကောင်သို့ အိမ်အကူ ၁၀၀၀ ခန့် စေလွှတ်ရန် မျှော်မှန်းထားသည်။ မရိုးဖြောင့်သော အလုပ်အကိုင်အေဂျင်စီများက အိမ်အကူများကို အကြွေးပိစေပြီး ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို ထိန်းသိမ်းထားကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြားကြသည်။ ဟောင်ကောင်၏ စည်းမျဉ်းများအရ အိမ်အကူများသည် ၎င်းတို့အလုပ်လုပ်ကိုင်သည့် နေအိမ်တွင် နေထိုင်ရမည်ဖြစ်သောကြောင့် ညှဉ်းပန်းနှိပ်စက်မှုများမှ လွတ်မြောက်ရန်ခက်ခဲကြောင်း ဝေဖန်သူများက ပြောကြားကြသည်။

Ref; AFP

Most Read

Most Recent