ဝင်ငွေမျှော်မှန်းချက် မှေးမှိန်သောကြောင့် ဟွန်ဒိုင်းသင်္ဘောကျင်းလုပ်ငန်း၏ စတော့များ ထိုးကျ

ဝင်ငွေမျှော်မှန်းချက် မှေးမှိန်သောကြောင့် ဟွန်ဒိုင်းသင်္ဘောကျင်းလုပ်ငန်း၏ စတော့များ ထိုးကျ
Published 28 December 2017

၂၀၀၅ ခုနှစ် မေ ၆ ရက်က ဟွန်ဒိုင်းသင်္ဘောကျင်းတစ်ခုအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo - AFP)

ကမ္ဘာ့အကြီးဆုံး သင်္ဘောကျင်းလုပ်ငန်း  Hyundai Heavy Industries သည် ယိုင်နဲ့နေသော ဘဏ္ဍာရေးအခြေအနေကို ကျားကန်ရန်အတွက် စတော့အသစ်များ ထုတ်ရောင်းချမည်ဟု ကြေညာခဲ့ပြီးနောက် ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးသည် ဒီဇင်ဘာ ၂၇  ရက်က လေးပုံတစ်ပုံကျော် ထိုးကျသွားခဲ့သည်။

ကမ္ဘာ့ဝယ်လိုအားနှေးကွေးပြီး တရုတ်၏ ယှဉ်ပြိုင်မှုကလည်း မြင့်တက်လာသောကြောင့် တောင်ကိုရီးယား သင်္ဘောကျင်းလုပ်ငန်းဟွန်ဒိုင်းသည် မကြာသေးခင်နှစ်များအတွင်း ရုန်းကန်နေရသည်။ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံရှာဖွေရန်အတွက် ရှယ်ယာများ ထုတ်ရောင်းမည်ဟု ဟွန်ဒိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ကြေညာခဲ့သည်။

ကုမ္ပဏီ၏ဝင်ငွေသည် ယခုနှစ်အတွက် ထက်ဝက်ကျဆင်းမည်ပြီး ၂၀၁၆ ခုနှစ်က ဝမ် ၃၉ ဒသမ ၃ ထရီလျံ (ဒေါ်လာ ၃၉ ဘီလျံ) ရှိခဲ့ရာမှ ဒေါ်လာ ၁၅ ဘီလျံသို့ ကျဆင်းမည်ဟု ဟွန်ဒိုင်းက ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားတွင် ဟွန်ဒိုင်း၊ ဒေဝူးနှင့် ဆမ်ဆောင်းအကြီးစား စက်မှုလုပ်ငန်းတို့သည် Big Three ဟု တင်စားခံရသည်။ ပို့ကုန်ကို မှီခိုနေရသော ကမ္ဘာ၏ ၁၁ ခု မြောက်အကြီးဆုံးစီးပွားရေး တောင်ကိုရီးယားအတွက် ယင်းလုပ်ငန်းများက အဓိကကျခဲ့သည်ဟု ချီးကျူးခံရသည်။ သို့သော်လည်း ရေနံဈေးနှုန်းကျဆင်းမှုနှင့် ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် ရေနံတင်သင်္ဘောများနှင့်  ကုန်တင်သင်္ဘောများ ဝယ်လိုအားကျဆင်းခဲ့သည့်အပြင် ဈေးချိုသော တရုတ်သင်္ဘောကျင်း လုပ်ငန်းများကလည်း တောင်ကိုရီးယားကုမ္ပဏီများ၏ အမြတ်ကို ထိခိုက်စေခဲ့သည်။

Ref ; AFP

Most Read

Most Recent