အိန္ဒိယစီးပွားရေး ၂၀၁၈ ခုနှစ်တွင် ဗြိတိန်နှင့်ပြင်သစ်ကို ကျော်တက်ပြီး ပဉ္စမမြောက်အကြီးဆုံး စီးပွားရေးဖြစ်လာမည်

အိန္ဒိယစီးပွားရေး ၂၀၁၈ ခုနှစ်တွင် ဗြိတိန်နှင့်ပြင်သစ်ကို ကျော်တက်ပြီး ပဉ္စမမြောက်အကြီးဆုံး စီးပွားရေးဖြစ်လာမည်
Published 28 December 2017

သြဂုတ် ၂ ရက်က ဘန်ဂလိုမြို့အပြင်ဘက်တွင် ဂျပန်နှင့် အိန္ဒိယဖက်စပ် ဆိုင်ကယ်နှင့်စကူတာ တပ်ဆင်စက်ရုံမှ အလုပ်သမားများကို တွေ့ရစဉ် (Photo - AFP)

အိန္ဒိယသည် ၂၀၁၈ ခုနှစ်တွင် ဗြိတိန် နှင့်ပြင်သစ်ကို ကျော်တက်ပြီး ကမ္ဘာ၏ ပဉ္စမမြောက် အကြီးဆုံးစီးပွားရေးဖြစ်လာမည်ဟု လန်ဒန်အခြေစိုက် အတိုင်ပင်ခံလုပ်ငန်းတစ်ခုက ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

လောလောဆယ်တွင် သတ္တမမြောက် အကြီးဆုံးစီးပွားရေးဖြစ်သော အိန္ဒိယသည် ၂၀၁၈ ခုနှစ်တွင် ပဉ္စမအဆင့်သို့ တက်လာပြီး နောက် ၂၀၃၂ ခုနှစ်မတိုင်မီတွင် အဆင့်သုံးသို့ ရောက်ရှိမည်ဟု Centre for Economics and Business Research (CEBR) က ၎င်း၏ အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် နရင်ဒရာမိုဒီက ၂၀၁၆ ခုနှစ် နိုဝင်ဘာတွင် ငွေစက္ကူများ ဖျက်သိမ်းရန်နှင့် အခွန်စနစ် အလုံးစုံပြုပြင်ပြောင်းလဲမှုတို့ကို ဆောင်ရွက်ခဲ့ပြီးနောက် အိန္ဒိယစီးပွားရေးသည် လက်ရှိဘဏ္ဍာနှစ်၏ ပထမသုံး လပတ်တွင် သုံးနှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။

ဇွန်လအထိ သုံးလပတ်တွင် အိန္ဒိယစီးပွားရေး တိုးတက်မှုသည် ၅ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီးနောက် စက်တင်ဘာလကုန်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းသို့ ပြန်လည် ဦးမော့လာခဲ့သည်။

“ယာယီကျဆင်းမှုတွေရှိနေပေမဲ့ အိန္ဒိယစီးပွားရေးဟာ ပြင်သစ်နှင့် ဗြိတိန်ကို  ကျော်တက်နိုင်ဖို့ အလားအလာရှိနေဆဲပါပဲ။ ၂၀၁၈ ခုနှစ်မှာ အိန္ဒိယစီးပွားရေးဟာ ဒေါ်လာတန်ဖိုးနှင့် တွက်ချက်ရင် ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံးဖြစ်လာမှာပါ” ဟု CEBR ၏ ဒုဥက္ကဋ္ဌ ဒေါက်ကလပ်မက်ဝီလျံက ပြောကြားခဲ့သည်။

ဈေးချိုသော စွမ်းအင်နှင့် ဒစ်ဂျစ်တယ် နည်းပညာတော်လှန်ရေးတို့က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို တွန်းအားဖြစ်စေမည်ဖြစ်ကြောင်း CEBR ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။

ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို အိန္ဒိယ၊ တရုတ်၊ ဂျပန်အပါအဝင် အာရှစီးပွားရေးများက လွှမ်းမိုးထားမည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။ ကမ္ဘာ့အကြီးဆုံးစီးပွားရေး အမေရိကန်၏ နေရာကို ၂၀၃၀ ပြည့်နှစ်တွင် တရုတ်က ကျော်တက်သွားမည်ဖြစ်ပြီး အိန္ဒိယသည် ယခုရာစုနှစ်၏ ဒုတိယပိုင်းတွင် ထိပ်ဆုံးနေရာကို ရယူလိမ့်မည်ဟုလည်း ယင်းအစီရင်ခံစာက ခန့်မှန်းခဲ့သည်။

လာမည့် ၁၅ နှစ်အတွင်း ကမ္ဘာ့အင်အားအကြီးဆုံးစီးပွားရေး ၁၀ နိုင်ငံတွင် အာရှနိုင်ငံအများစုက လွှမ်းမိုးထားမည် ဖြစ်သည်။ Brexit ၏သက်ရောက်မှုကြောင့် ဗြိတိန်စီးပွားရေးသည် လာမည့်နှစ်များအတွင်း နှေးကွေးပြီး ပြင်သစ်နောက်တွင် ကျန်နေခဲ့မည် ဟု CEBR ၏ အစီရင်ခံစာက ခန့်မှန်းခဲ့သည်။

ကမ္ဘာ့စီးပွားရေးသည် ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်းသို့ တိုးတက်မည်ဟု အောက်တိုဘာလနှောင်းပိုင်းက စီးပွားရေးပညာရှင်များအား ပြုစုခဲ့သည့် ရိုက်တာ စစ်တမ်းတွင် ဖော်ပြခဲ့သည်။

Ref ; AFP

Most Read

Most Recent