ဖျော်ဖြေမယ် အငြင်းပွားမှုအတွက် သဘောတူညီချက်သည် အားနည်းချက်ရှိဟု တောင်ကိုရီးယား ပြောကြား

ဖျော်ဖြေမယ် အငြင်းပွားမှုအတွက် သဘောတူညီချက်သည် အားနည်းချက်ရှိဟု တောင်ကိုရီးယား ပြောကြား
Published 28 December 2017

ဒီဇင်ဘာ ၂၇ ရက်က ဆိုးလ်မြို့တွင် ပြုလုပ်ထားသည့် ပြပွဲတစ်ခု၌ ဖျော်ဖြေမယ်ရုပ်တုတစ်ခုအား တွေ့ရစဉ် (Photo - AFP)

တိုကျို၏ စစ်ပွဲကာလ လိင်ကျွန်ပြုမှုဆိုင်ရာ ဖျော်ဖြေမယ် အငြင်းပွားမှုအတွက် ဂျပန်နှင့် ၂၀၁၅ ခုနှစ်က ရရှိခဲ့သော သဘောတူညီချက်သည် အလုပ်မဖြစ်ကြောင်း တောင်ကိုရီးယားက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့ပြီး နှစ်နိုင်ငံကြား သမိုင်းဝင်အနာဟောင်းကို ပြန်လည်တူးဆွခဲ့သည်။

ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်သော ထိုပြဿနာကို ဖြေရှင်းရန်အတွက် ဂျပန်က ဖျော်ဖြေမယ်များအနက်မှ အသက်ရှင်ကျန်ရစ်သူများကို လျော်ကြေးပေးရန်နှင့် တရားဝင် တောင်းပန်ရန် သဘောတူညီချက်ကို ဆိုးလ်နှင့် တိုကျိုတို့က လက်မှတ်ရေးထိုးထားသည်။ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် သမ္မတဖြစ်လာခဲ့သည့် မွန်းဂျေအင်းက ထိုသဘောတူညီချက်ကို ပြန်လည်သုံးသပ်မည်ဟူသော ရွေးကောက်ပွဲကတိကို ဖြည့်ဆည်းသည့်အနေဖြင့် ပြန်လည်သုံးသပ်မှုကို ဆောင်ရွက်ရန် အမိန့်ထုတ်ခဲ့သည်။

ယခုအခါ အကျဉ်းကျနေပြီဖြစ်သော သမ္မတဟောင်းပက်ကွမ်ဟီးက ဂျပန်နှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ အထူးလုပ်ငန်းအဖွဲ့က ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ဂျပန်နှင့် သဘောတူညီချက်သည် အလောတကြီး ဆောင်ရွက်ခဲ့သည့် သဘောတူညီချက်ဖြစ်ပြီး လိင်ကျွန်အဖြစ် စေခိုင်းခံခဲ့ရသော အမျိုးသမီးများ၏ အမြင်ကိုရယူရန် ပြည့်ပြည့်၀၀ မဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ကန်ကျန်ဝါက ယင်းသဘောတူညီချက်အတွက် တောင်းပန်ခဲ့ပြီး တိုကျိုနှင့်သဘောတူညီချက်သည် ဓားစာခံများ၏အမြင်ကို ထင်ဟပ်ရန် ပျက်ကွက်ခဲ့ကြောင်းနှင့် ဓားစာခံများကို ထိခိုက်နစ်နာစေကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ သဘောတူညီချက်ကို စွန့်လွှတ်ရန် ဆိုးလ်ဘက်က မည်သည့်ဆောင်ရွက်ချက်မဆို တိုကျိုနှင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက ပြောကြားခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားအား ရင်ဆိုင်ရန် တောင်ကိုရီးယားနှင့်ဂျပန်တို့က ကြိုးပမ်းနေချိန်တွင် မဟာမိတ်ဆက်ဆံရေးအား သက်ရောက်မှုများကို ဆိုးလ်က ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ကန်ကျန်ဝါက ပြောကြားခဲ့သည်။ ဆိုးလ်အနေဖြင့် ၂၀၁၅ သဘောတူညီချက်ကို ဆက်လက်ကိုင်စွဲထားရန် ဂျပန်က တိုက်တွန်းခဲ့သည်။

၁၉၁၀-၁၉၄၅ အတွင်း ကိုရီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့သည့် ဂျပန်သည် ဒုတိယ ကမ္ဘာစစ်အတွင်း ကိုရီးယားမှ အမျိုးသမီး အများစုပါဝင်သည့် အမျိုးသမီး ၂၀၀၀၀၀ ခန့်ကို ဂျပန်စစ်ဘက် ဆောင်ကြာမြိုင်များတွင် အတင်းအကျပ်စေခိုင်းခဲ့ကြောင်း သမိုင်းပညာရှင်များက ပြောကြားထားသည်။

Ref ; AFP

Most Read

Most Recent