ဟာရီမင်းသားနှင့် အင်တာဗျူးတွင် အိုဘားမားက လူမှုမီဒီယာ၏အန္တရာယ်များအား သတိပေး

ဟာရီမင်းသားနှင့် အင်တာဗျူးတွင် အိုဘားမားက လူမှုမီဒီယာ၏အန္တရာယ်များအား သတိပေး
Published 28 December 2017

ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ဗြိတိန်မင်းသားဟာရီ (ယာ) က အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား (ဝဲ) အား မေးမြန်းခန်းပြုလုပ်နေစဉ် (Photo - AFP)

လူမှုမီဒီယာသည် အရပ်ဘက်ပြောဆို ဆွေးနွေးမှုများအား ပျက်စီးယိုယွင်းစေမှုကို ၎င်းက စိုးရိမ်ကြောင်း အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက အိမ်ဖြူတော်မှ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံး အင်တာဗျူးတွင် ဗြိတိန်၏ ဟာရီမင်းသားအား ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်လွှင့်ခဲ့မှုအရ သိရသည်။

အင်တာနက်၏ အန္တရာယ်များအနက် တစ်ခုမှာ လူများသည်အလုံးစုံကွဲပြားသော လက်တွေ့ဘဝများ ရှိနေနိုင်ခြင်းဖြစ်ကြောင်း အိုဘားမားက BBC Radio 4 ၏ Today အစီအစဉ်၌ တည်းဖြတ်ရန် ဧည့်သည်အဖြစ် ဖိတ်ခေါ်ခံရသည့် ဟာရီအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းလူတို့သည် ၎င်းတို့၏လတ်တလော ဘက်လိုက်မှုများအား အားပေးသော သတင်းအချက်အလက်များတွင် ထွေးပတ်ခံရနိုင်ကြောင်း၊ အကြောင်းအရာများသည် မည်သည့် Chat room တွင်မဆို ပြောဆိုပုံဖော်ခံရသကဲ့သို့ မရိုးရှင်းကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

ကွဲပြားစုံလင်သော အမြင်များနှင့် အသံမျိုးစုံရှိမှုကို ခွင့်ပြုပြီး လူ့အဖွဲ့အစည်း ပြိုကွဲမှုအား မဖြစ်စေဘဲ ဘုံရပ်တည်ချက်ရှာဖွေသည့် နည်းလမ်းများအား ခွင့်ပြုသည့်နည်းဖြင့် လူမှုမီဒီယာကို မည်သို့ထိန်းချုပ်မည်ဆို သည်မှာ မေးခွန်းတစ်ရပ်ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။  ပြီးခဲ့သော စက်တင်ဘာတွင် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌  ဟာရီက ဒဏ်ရာရစစ်သားများအတွက် ကျင်းပခဲ့သော အားကစားပြိုင်ပွဲ Invictus Games ၏ ဘေးဆွယ်တွေ့ဆုံမှု၌ ယင်းအင်တာဗျူးကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်၏အနာဂတ်အား စိုးရိမ်မိကြောင်း ဝန်ခံခဲ့သော်လည်း ၎င်း၏ နေရာဆက်ခံသည့် လက်ရှိသမ္မတဒေါ်နယ်ထရန့်အား ရည်ညွှန်းခဲ့ခြင်းမရှိသည့် အိုဘားမားက သူသည် အိမ်ဖြူတော်မှထွက်ခွာစဉ် ငြိမ်းချမ်းမှုကို ခံစားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်း၏ တစ်နေ့တာအစီအစဉ်သစ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ အိုဘားမားက သူသည် အိပ်ရာနောက်ကျမှထခဲ့ပြီး တစ်နေ့တာအတွက် ထိန်းချုပ်နိုင်ခွင့်ရှိမှုသည် အလွန်အမင်း ကောင်းမွန်းကြောင်း ဟာရီအား ဖြေကြားခဲ့သည်။

သမ္မတရာထူး လွဲှပေးခဲ့ပြီးနောက်ပိုင်း ယင်းအင်တာဗျူးသည် ပထမဆုံးအကြိမ်ဖြစ် သလားဟု ဟာရီကမေးမြန်းပြီး ဆွေးနွေးမှုကို ဖွင့်လှစ်စဉ် အိုဘားမားက ဟုတ်မှန်ကြောင်း ဖြေကြားခဲ့သည်။

ဟာရီသည် အမေရိကန်သရုပ်ဆောင် မီဂန်မာခယ်နှင့် ၂၀၁၈ ခုနှစ် မေ ၁၉ ရက်တွင် လန်ဒန်အနီး ဝင်ဆာရဲတိုက်ရှိ စိန့်ဂျွန်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် လက်ထပ်ပွဲ ကျင်းပမည်ဖြစ်သည်။ ဟာရီတို့စုံတွဲက အိုဘားမားအား မင်္ဂလာပွဲသို့ဖိတ်ကြားမှုသည် အမေရိကန်နှင့်ဗြိတိန်တို့အကြား ထင်ရှားသော အချင်းများမှုများ ဖြစ်ပွားခဲ့အပြီး အခြေအနေကို ပိုမိုဆိုးရွားစေမည်ကို ဗြိတိန်အစိုးရအမှုထမ်းများက စိုးရိမ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

Ref; AFP

Most Read

Most Recent