ကျန်းမာရေးမကောင်းသည့် ပီရူးသမ္မတဟောင်း ဖူဂျီမိုရီက လူထုကို ခွင့်လွှတ်ရန်တောင်းပန်

ကျန်းမာရေးမကောင်းသည့် ပီရူးသမ္မတဟောင်း ဖူဂျီမိုရီက လူထုကို ခွင့်လွှတ်ရန်တောင်းပန်
Published 28 December 2017

၂၀၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်က လီမာရှိ ရဲစခန်းသို့ ရောက်ရှိလာသော ပီးရူးသမ္မတ ဖူဂျီမိုရီ (Photo - AFP)

လမ်းပေါ်ထွက်ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့သည့် သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပြီးနောက် နှစ်ရက်အကြာ ဒီဇင်ဘာ ၂၆ ရက်တွင် ကျန်းမာရေးမကောင်းသည့် ပီရူးသမ္မတဟောင်း အယ်ဘတ်တိုဖူဂျီမိုရီက ၎င်းအား ခွင့်လွှတ်ရန် လူထုကို တောင်းပန်ခဲ့သည်။

၎င်း၏ အစိုးရလက်ထက် ရလဒ်များသည် တစ်ဖက်တွင် ကောင်းမွန်ခဲ့သည်ကို သတိပြုမိကြောင်း၊ တစ်ဖက်တွင်လည်း ၎င်း၏ ပြည်သူအချို့အား စိတ်ပျက်စေခဲ့သည်ကိုလည်း ဝန်ခံကြောင်း၊ ၎င်းအား ခွင့်လွှတ်ပေးရန် စိတ်ထဲမှ နက်နက်ရှိုင်းရှိုင်း တောင်းဆိုကြောင်း ဖူဂျီမိုရီက ၎င်း၏ ဆေးရုံကုတင်ထက်မှ ပြောကြားမှုကို ရိုက်ကူးထားသည့်ဗီဒီယို အပိုင်းအား Facebook ၌ လွှင့်တင်ခဲ့သည်။

အသက် ၇၉ နှစ်ရှိပြီဖြစ်သော ဖူဂျီမိုရီသည် ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ သမ္မတတာဝန်ထမ်း ဆောင်စဉ်အတွင်း အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှု စွဲချက်များအတွက် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရသည်။ ၎င်းသည် သွေးဖိအား အလွန်အမင်းကျခြင်းနှင့် နှလုံးခုန်မှု ပုံမှန်မဟုတ်ခြင်းတို့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်မရမီ တစ်ရက်အလို ဒီဇင်ဘာ ၂၃ ရက်တွင် အကျဉ်းထောင်မှနေ၍ ဆေးရုံတက်ခဲ့ရသည်။

ယင်းလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အံ့အားသင့်ခဲ့ရကြောင်း၊ အလွန်အမင်းပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကိုလည်း ရောပြွမ်းခံစားခဲ့ရကြောင်းလည်း ဖူဂျီမိုရီက ပြောကြားခဲ့သည်။

လူသားချင်းစာနာမှုအရ ဖူဂျီမိုရီနှင့် အခြားအကျဉ်းသားခုနစ်ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း သမ္မတပက်ဒရိုပါဘ လိုကူဇင်စကီးက ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းလုပ်ရပ်ကြောင့် မြို့တော်လီမာတွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်အား ဆန့်ကျင်ရန်နှင့် သမ္မတကူဇင်စကီးအား ရာထူးမှနုတ်ထွက်ရန်အတွက် ဒီဇင်ဘာ ၂၅ ရက်တွင် ချီတက်တောင်းဆိုခဲ့ကြသည့် ဆန္ဒပြသူများနှင့် ရဲများအကြား ပဋိပက္ခများဖြစ်ပွားခဲ့သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကျင့်ပျက်ခြစားမှုတို့ကြောင့် ဖူဂျီမိုရီအား လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်ကြောင်း ပြည်သူအများအပြားက ယုံကြည်နေကြသည်။ ဖူဂျီမိုရီ၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုအတွင်း သေဆုံးထိခိုက်ခဲ့ရသူများ၏ မိသားစုဆွေမျိုးများကလည်း ယင်းဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြသည်။

အကျင့်ပျက်ခြစားမှု သံသယရှိမှုဖြင့် သမ္မတကူဇင်စကီးအား ဒီဇင်ဘာ ၂၁ ရက်တွင် ပါလီမန်၌ စွပ်စွဲပြစ်တင်မှုအဆိုတင်သွင်း ရန်ကြိုးပမ်းမှုတွင် အတိုက်အခံများ၏မဲကွဲစေရန် ဖူဂျီမိုရီ၏သားဖြစ်သူ ကင်ဂျီက လုပ်ဆောင်ခဲ့ပြီးနောက် သမ္မတကူဇင်စကီးက ဖူဂျီမိုရီအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent