တရုတ်နိုင်ငံ၏ အဓိက ဆိပ်ကမ်းမြို့ကြီးတွင် ကြီးမားသည့် ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံး

တရုတ်နိုင်ငံ၏ အဓိက ဆိပ်ကမ်းမြို့ကြီးတွင် ကြီးမားသည့် ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံး
Published 27 November 2017

နိုဝင်ဘာ ၂၆ ရက်က တရုတ်နိုင်ငံအရှေ့ပိုင်း ရှီကျန်းပြည်နယ်၊ နင်ပိုမြို့ထဲရှိ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့သည့်နေရာ၌ ကယ်ဆယ်ရေးလုပ်သားများအား တွေ့ရစဉ် (Photo: AFP)

တရုတ်နိုင်ငံ၏ ဆိပ်ကမ်းမြို့ကြီး  နင်ပိုတွင် နိုဝင်ဘာ ၂၆ ရက်က ကြီးမားသည့် ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ရာ သေဆုံးသူ နှစ်ဦးထက်မနည်းရှိခဲ့ပြီး ဒါဇင်နှင့်ချီသော ကားများ၊ အဆောက်အအုံများ ပျက်စီးသွားခဲ့ကြောင်း အစိုးရမီဒီယာနှင့် ဒေသတွင်း အာဏာပိုင်တို့၏ ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းများထဲမှ တစ်ခုဖြစ်သော နင်ပိုဆိပ်ကမ်းမြို့သည် ရှန်ဟိုင်း၏ တောင်ပိုင်းတွင် တည်ရှိသည်။

ထိုပေါက်ကွဲမှုကြီးသည် နေရာလွတ်တစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နင်ပိုအစိုးရက ယင်း၏ လူမှုမီဒီယာအကောင့်တွင် ရေးသားခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းကိုမူ မဖော်ပြခဲ့ပေ။

အဓိကဆိပ်ကမ်းမြို့ကြီးထဲမှ ထိုပေါက်ကွဲမှုအတွင်း သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသူနှစ်ဦး ရှိခဲ့ကာ ဒဏ်ရာရသွားသဖြင့် ဆေးကုသပေးနေရသူများလည်း ရှိသေးကြောင်း ဒေသဆိုင်ရာအာဏာပိုင်တို့က ဆိုသည်။

အစောပိုင်းက ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်ထဲတွင်မူ ပေါက်ကွဲမှုကြီးသည် ဒေသစံတော်ချိန် နံနက် ၉ နာရီဝန်းကျင်က ဖျက်သိမ်းထားသော စက်ရုံတစ်ရုံ၌ ဖြစ်ပွားခဲ့သည်ဟု သိရပြီး စီစီတီဗီသတင်းဌာန၏ ဖော်ပြချက်ထဲတွင်မူ ဒဏ်ရာရသွားသူ ၃၀ ခန့်ရှိ သည်ဟု သိရသည်။

ရုပ်သံသတင်းများထဲ၌ ပေါက်ကွဲမှု၏ ပြင်းအားကြောင့် ပျက်စီးတွန့်လိမ်နေသော ကားများနှင့်အတူ ကောင်းကင်ပေါ်သို့တက်နေသည့် မီးခိုးလုံးကြီးတစ်ခု၊ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာ၏ မီတာများစွာအကွာအဝေးအထိ ရောက်အောင်ပြန့်ကျဲနေသော အပျက် အစီးများအား တွေ့ရသည်။

ကွန်မြူနစ်ပါတီ၏ ပြည်သူ့နေ့စဉ်သတင်းစာ၏ Twitter အကောင့်တွင်မူ ပေါက်ကွဲမှုသည် မည်သူမျှ မနေသည့်နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် အမှိုက်ကောက်သူအချို့ ရှိနေကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ ပေါက်ကွဲမှုဖြစ်ပွားရသည့် အ ကြောင်းရင်းနှင့်ပတ်သက်ပြီး စုံစမ်းမှုများကို စတင်နေပြီဟုလည်း သိရသည်။

၂၀၁၅ ခုနှစ်က မြောက်ပိုင်းဆိပ်ကမ်းမြို့ တီယန်ကျင်းတွင်လည်း အလွန်အားပြင်းသည့် ပေါက်ကွဲမှုကြီးများဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၆၅ ဦးထက်မနည်း ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာတစ်ဘီလျံခန့် ရှိခဲ့သည်။ ယင်းပေါက်ကွဲမှုကြီးနှင့်ပတ်သက်ပြီး အစိုးရ၏ ပွင့်လင်းမြင်သာမှု အားနည်းသည့်အတွက်လည်း ဒေါသထွက်မှုများ ဖြစ်ပေါ်ခဲ့ကြသေးသည်။ ထို တီယန်ကျင်းပေါက်ကွဲမှုအတွင်း အပြစ်ပေးခံရသူ ၁၂၃ ဦး ရှိခဲ့သည်။ လုံခြုံရေးအဆင့်အတန်းများ လျော့ရဲသည့် တရုတ်နိုင်ငံတွင် စက်မှုလုပ်ငန်းကဏ္ဍ၌ မတော်တဆမှုများဖြစ်ပွားသည်မှာ ပုံမှန် ဖြစ်စဉ်တစ်ခုကဲ့သို့ ဖြစ်နေသည်။

Most Read

Most Recent