အရှေ့တောင်အာရှဆိုင်ရာ IS ခေါင်းဆောင်ကို ဖိလစ်ပိုင်စစ်တပ်က သတ်နိုင်ခဲ့

အရှေ့တောင်အာရှဆိုင်ရာ IS ခေါင်းဆောင်ကို ဖိလစ်ပိုင်စစ်တပ်က သတ်နိုင်ခဲ့
Published 17 October 2017

ဇွန် ၁၈ ရက်တွင် ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ခဲ့သည့် ဗွီဒီယိုဓာတ်ပုံ၌ အဘူဆေယက်ခေါင်းဆောင် ဟာပီလွန်(ဝဲ ဒုတိယမြောက်) ကိုတွေ့ရစဉ် (Photo: AFP)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့ကို စစ်သွေးကြွတို့လက်ထဲမှ ပြန်သိမ်းယူသည့်တိုက်ပွဲတွင် IS အဖွဲ့၏ အရှေ့တောင်အာရှရေးရာ ခေါင်းဆောင်ဖြစ်ပြီး အမေရိကန်၏ အလိုရှိဆုံး အကြမ်းဖက်သမားစာရင်းဝင်သူကို သတ်နိုင်လိုက်သည်ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မာရာဝီမြို့အား စစ်သွေးကြွများ၏ လေးလကျော်ကြာ သိမ်းပိုက်ထားမှုကို အဆုံးသတ်ရန် ဖိလစ်ပိုင်စစ်တပ်က ဖိဖိစီးစီးလုပ်ဆောင်နေစဉ် အစ်စနီလွန်ဟာပီလွန်၏သေဆုံးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ လူ ၁၀၀၀ ကျော်သေဆုံးခဲ့ရသည့် မာရာဝီတိုက်ပွဲကြောင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် IS တို့က ဒေသတွင်းအခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် ကြိုးပမ်းနေမှုကို စိုးရိမ်မှုများလည်း မြင့်တက်စေခဲ့သည်။

IS တို့သည် အီရတ်နှင့် ဆီးရီးယားတို့၌ အရှုံးနှင့်ရင်ဆိုင်နေရစဉ် အရှေ့တောင်အာရှ၌ အခြေစိုက်နယ်မြေတစ်ခု တည်ထောင်ရန် ကြိုးပမ်းမှု၌ အစ်စနီလွန်ဟာပီလွန်သည် အဓိကပုဂ္ဂိုလ်အဖြစ်ပါဝင်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးနှင့် လုံခြုံရေးလေ့လာသူများက ပြောကြားခဲ့သည်။

“ကျွန်တော်တို့တပ်ဖွဲ့တွေဟာ အစ်စနီလွန်ဟာပီလွန်ရော၊ အိုမာမြူ့ကိုပါ နှိမ်နင်းသတ်ဖြတ်နိုင်ခဲ့ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လိုရန်ဇိုနာက သတင်းထောက်များကို ပြောကြားခဲ့သည်။ အိုမာမြူ့သည် ဟာပီလွန်နှင့် မဟာမိတ်ဖွဲ့ထားသော စစ်သွေးကြွအုပ်စုကို ခေါင်းဆောင်သည့် ညီအစ်ကိုနှစ်ဦးထဲမှတစ်ဦးဖြစ်ပြီး မေလက မာရာဝီမြို့အား တိုက်ခိုက်မှုကို ဟာပီလွန်နှင့်အတူ ဦးဆောင်ခဲ့သူဖြစ်သည်။

အမေရိကန်တို့က အသက် ၅၁ နှစ်အရွယ် ဟာပီလွန်သည် နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟု ၎င်းတို့သတ်မှတ်ထားသော ဖိလစ်ပိုင်တောင်ပိုင်း အခြေစိုက်သည့် အဘူဆေယက်အဖွဲ့မှ အကြီးတန်းခေါင်းဆောင် တစ်ဦးဖြစ်သည်ဟုဆိုပြီး ဟာပီလွန်အတွက် ဒေါ်လာငါးသန်းဆုငွေ ထုတ်ထားသည်။ မာရာဝီမြို့ထဲမှ စစ်သွေးကြွများကို ဖိလစ်ပိုင်မြေပြင်တပ်ဖွဲ့များက အပြီးသတ်ထိုးစစ်ဆင်နေကြစဉ် ဟာပီလွန်နှင့် အိုမာမြူ့တို့ကို သတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးကဆိုသည်။ အမေရိကန်ရော ဖိလစ်ပိုင်ကပါ ဆုငွေထုတ်ထားသဖြင့် ထိုအလောင်းနှစ်လောင်းကို ဒီအန်အေစစ်ဆေးမည်ဟု သိရသည်။

“အခုတိုးတက်မှုဖြစ်စဉ်ကြောင့် မာရာဝီစစ်ပွဲဟာ အပြီးသတ်လုနီးပါးဖြစ်နေပါပြီ။ ဒီဖြစ်ရပ်ဆိုးတွေကို အဆုံးသတ်နိုင်ပြီဆိုတဲ့အကြောင်း ကျွန်တော်တို့ဘက်က ရက်အနည်းငယ်အတွင်းမှာ ကြေညာသွားနိုင်မှာပါ” ဟု ကာကွယ်ရေးဝန်ကြီးက ဆိုသည်။ ဖိလစ်ပိုင်စစ်တပ်သည် ယခင်ကလည်း မာရာဝီစစ်ပွဲ အဆုံးသတ်တော့မည်ဟု မကြာခဏ ကြေညာခဲ့ဖူးသော်လည်း လေ့လာသူများက ယခုတစ်ကြိမ်သည် အမှန်တကယ် အဆုံးသတ်သွားနိုင်ခြေရှိသည်ဟု သုံးသပ်ကြသည်။

ဟာပီလွန်သည် မာရာဝီမြို့ကိုဝင်စီးရန် မြူ့တို့၏အုပ်စုနှင့် ပူးပေါင်းခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်လက ကာကွယ်ရေးအကြီးအကဲများ၏ ထုတ်ပြန်ချက်အရ အခြားသော စစ်သွေးကြွခေါင်းဆောင်များလည်း မာရာဝီတိုက်ပွဲအတွင်း ကျဆုံးသွားကြပြီဟု သိရသည်။ သို့သော် IS နှင့် ဒေသတွင်းစစ်သွေးကြွအုပ်စုတို့ကြား၌ ဆက်သွယ်ပေးသူတစ်ဦးဖြစ်သော မလေးရှားလူမျိုး မာမွတ်အာမက်ကို မာရာဝီစစ်ပွဲဇုန်ထဲတွင် စစ်တပ်က ရှာဖွေနေကြဆဲဟု သိရသည်။