ဂျပန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အာဘေးက အပြတ်အသတ် အနိုင်ရဖွယ်ရှိဟု နောက်ဆုံးစစ်တမ်းက ဖော်ပြ

ဂျပန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အာဘေးက အပြတ်အသတ် အနိုင်ရဖွယ်ရှိဟု နောက်ဆုံးစစ်တမ်းက ဖော်ပြ
Published 17 October 2017

အောက်တိုဘာ ၁၁ ရက်က ရှီဇူအိုကာစီရင်စုတွင် မဲဆွယ်နေသော ဝန်ကြီးချုပ် အာဘေး (Photo: AFP)

လူကြိုက်များသော တိုကျိုအုပ်ချုပ်ရေးမှူး ထူထောင်ခဲ့သော ပါတီသစ်သည် အရှိန်လျော့ကျသွားချိန်တွင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရန် အလားအလာကောင်းသည်ဟု အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် နောက်ဆုံးစစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။

အာဘေး၏ ကွန်ဆာဗေးတစ်ဝါဒီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် အောက်တိုဘာ ၂၂ ရက်ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၆၅ နေရာအနက် ၃၀၃ နေရာအထိ ရရှိဖွယ်ရှိကြောင်း မာအီချီရှင်ဘွန်း သတင်းစာ၏ စစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။ LDP ၏ မိတ်ဖက်ပါတီငယ် ကိုမေတိုသည် အမတ်နေရာ ၃၀ ကျော်ရရှိဖွယ်ရှိဟု စစ်တမ်းကဖော်ပြခဲ့ရာ သြဇာကြီး အောက်လွှတ်တော်တွင် အာဘေး၏ညွန့်ပေါင်းသည် အမတ်နေရာအများစု၏ သုံးပုံနှစ်ပုံကို သက်သောင့်သက်သာ ရရှိဖွယ်ရှိကြောင်း သိရသည်။ ယင်းစစ်တမ်းအား နိုင်ငံတစ်ဝန်းမှမဲပေးရန် မှတ်ပုံတင်ထားသူ ၇၃၀၀၀ ကျော်အား သောကြာ၊ စနေ၊ တနင်္ဂနွေတို့တွင် ဖုန်းဆက်၍ မေးမြန်းထားခြင်းဖြစ်သည်။

ပါလီမန်တွင် အမတ်နေရာ သုံးပုံနှစ်ပုံရရှိခြင်းဖြင့် အသက် ၆၃ နှစ်ရှိ အာဘေးသည် ငြိမ်းချမ်းရေးအခြေပြု ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပြောင်းလဲရန် တွန်းအားပေး လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဂျပန်၏ နိုင်ငံရေးအခင်းအကျင်းအား အသွင်ပြောင်းစေခဲ့ပြီး အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီ (DP) အားဝါးမျိုခဲ့သည့် တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကိုကိုအီကဲ၏ပါတီသစ် Party of Hope သည် ထောက်ခံမှုများကျဆင်းခဲ့ဟု ယူဆရပြီး အမတ်နေရာ ၅၄ နေရာအထိသာ ရရှိဖွယ်ရှိဟု စစ်တမ်းများက ဖော်ပြခဲ့သည်။ မီဒီယာအကြောင်းအား နောကျေသော ကိုအီကဲသည် ကနဦးတွင် ထောက်ခံမှု တစ်ရှိန်ထိုးရရှိခဲ့သော်လည်း ၎င်းကိုယ်တိုင်က လာမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခြင်းမရှိမှုကြောင့် ယင်းပါတီထောက်ခံသူများသည် ဝန်ကြီးချုပ်အဖြစ် မည်သူအားရွေးချယ်ရမည်ကို သေချာမသိရသည့် အနေအထားသို့ ရောက်ရှိစေခဲ့ဟု ဝေဖန်သူများက ထောက်ပြခဲ့ကြသည်။

မျှော်လင့်ချက်များ မြင့်တက်ခဲ့ကြောင်း၊ သို့သော် Party of Hope သည် ကိုအီကဲအား လူကြိုက်များမှုမှလွဲ၍ ဘာမှမဟုတ်ကြောင်း တိုကျိုရှိဟီတော့ဆူဘာရှီတက္ကသိုလ်မှ နိုင်ငံရေးပါမောက္ခ ကိုဂျီနာကာကီတာက သုံးသပ်ခဲ့သည်။ အာဘေး၏အစိုးရအား ထောက်ခံမှုသည် အလွန်အမင်းမမြင့်မားသော်လည်း မဲဆန္ဒရှင်များသည် ရွေးချယ်စရာမရှိဘဲ အာဘေး၏ LDP ကိုသာမဲပေးကြမည်ဖြစ်ကြောင်း နာကာကီတာက ပြောကြားခဲ့သည်။ အတိုက်အခံပါတီများမှာမူ ရှုပ်ထွေးမှုနှင့် ကွဲပြားမှု ရင်ဆိုင်နေရကြောင်း ၎င်းကပြောကြားခဲ့သည်။

၁၂ ရက်ကြာမြင့်သည့် ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း တစ်ချိန်က ကမ္ဘာ့တိုးတက်မှု အမြန်ဆုံးဖြစ်သော ဂျပန်စီးပွားရေးအား ပြန်လည်အားကောင်းလာစေရန်နှင့် နိုင်ငံအားနစ်မြှုပ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သော မြောက်ကိုရီးယား၏ အစဉ်အမြဲခြိမ်းခြောက်နေမှုများကို ဖြေရှင်းရန်တို့သည် အဓိကမဲဆွယ်စရာများ ဖြစ်ခဲ့သည်။

Most Read

Most Recent